သန့်ရှင်းသောဝိညာဉ်တော်က ဘယ်သူလဲ
"သန့်ရှင်းသောဝိညာဉ်တော်" ဆိုတဲ့ အသုံးအနှုန်းက လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြေးမြင်စေနိုင်ပါတယ်။ ဒါဆိုရင် ခရစ်ယာန်ယုံကြည်ခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲ။ ကိုယ်တော်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ အတိအကျ ဘယ်သူဖြစ်မလဲ။
သန့်ရှင်းသောဝိညာဉ်တော်ဟာ ခရစ်ယာန်ဘာသာရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခမည်းတော်ဘုရား၊ သားတော်ယေရှုခရစ်တို့နှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ကို 'သုံးပါးတစ်ဆူဘုရား' (Trinity) အဖြစ် ယုံကြည်ကြပါတယ်။ သင်ဟာ ဝိညာဉ်တော်ကို ဘုရားသခင်ရဲ့ဝိညာဉ်တော်အဖြစ်လည်း သိရှိနိုင်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်တော်ရဲ့ အခန်းကဏ္ဍက ဒီထက်မက ပိုမိုကျယ်ပြန့်ပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တော်အကြောင်းကို အတူတူ ဆက်လက်လေ့လာကြည့်ကြရအောင်။

စကြဝဠာကို အုပ်စိုးတဲ့ ဘုရားသခင်ဟာ အနန္တတန်ခိုးနဲ့ ပြည့်စုံတော်မူပါတယ်။ ဘုရားသခင်ကိုဖော်ပြဖို့ စကားလုံးများစွာ အသုံးပြုကြပေမဲ့၊ အဲဒီစကားလုံးတွေက ကိုယ်တော့်ကို အပြည့်အဝဖော်ပြဖို့ မလုံလောက်ပါဘူး။ ဘုရားသခင်ဟာ ကျွန်ုပ်တို့လူသားတွေရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်တော်မူပါတယ်။ ကိုယ်တော်ရဲ့ဖြစ်တည်မှုဟာ အနန္တဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဟာ ကိုယ်တော့်ကို အပြည့်အဝနားလည်နိုင်မှာ မဟုတ်ပေမဲ့၊ လုံးဝမသိနိုင်ဘူးလို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ ကိုယ်တော့်ကို သိကျွမ်းနိုင်ပြီး၊ ကိုယ်တော်ကလည်း ကျွန်ုပ်တို့နဲ့ ရင်းနှီးကျွမ်းဝင်လိုတဲ့ အလိုတော်ရှိပါတယ်။
ဒါကြောင့် ဘုရားသခင်ဟာ သူ့ရဲ့ဖြစ်တည်မှုကို ကျွန်ုပ်တို့နားလည်နိုင်အောင် ပုံဥပမာတွေ၊ သရုပ်ဖော်ချက်တွေနဲ့ မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ သုံးပါးတစ်ဆူမှာပါဝင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုနည်း၎င်းပါပဲ။ ကျွန်ုပ်တို့ဟာ ဝိညာဉ်တော်ကို အပြည့်အဝနားလည်ဖို့ မတတ်နိုင်ပေမဲ့၊ နားလည်နိုင်သလောက်တော့ ကြိုးစားလေ့လာဖို့ လိုအပ်ပါတယ်။
လေနှင့်တူသော ဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်ကို ပုံဥပမာများစွာနဲ့ နှိုင်းယှဉ်လေ့ရှိပါတယ်။ သမ္မာကျမ်းစာရဲ့ မူရင်းဟေဗြဲဘာသာစကားမှာ “ရူအာ” (Ruach) ဆိုတဲ့စကားလုံးကို သန့်ရှင်းသောဝိညာဉ်တော်အတွက် အသုံးပြုလေ့ရှိပြီး၊ အဲဒီစကားလုံးမှာ “ဝိညာဉ်” နဲ့ “လေ” ဆိုပြီး အဓိပ္ပာယ်နှစ်မျိုးရပါတယ်။ ဒါကြောင့် လေဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဖော်ပြဖို့ အကောင်းဆုံးနှိုင်းယှဉ်ချက်တစ်ခု ဖြစ်ပါတယ်။
သင်ဟာ လေကို မမြင်နိုင်၊ မထိနိုင်၊ ဖမ်းဆုပ်ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုနည်းတူပါပဲ။ ဒါပေမဲ့ လေကို မမြင်နိုင်၊ မထိနိုင်ပေမဲ့ သူ့ရဲ့တည်ရှိမှုကိုတော့ သင်ခံစားနိုင်တယ် မဟုတ်လား။ လေတိုက်ခတ်လို့ သစ်ပင်တွေလှုပ်ရှားနေတာ၊ တိမ်တွေရွေ့လျားနေတာကို ကြည့်ပြီး လေရှိနေမှန်း သင်သိနိုင်သလိုပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တည်ရှိမှုကိုလည်း ကိုယ်တော်ပြုလုပ်တဲ့အမှုတော်တွေကနေတစ်ဆင့် ကျွန်ုပ်တို့ သိမြင်နိုင်ပါတယ်။ ခရစ်ယာန်တွေဟာ ဘုရားသခင် ဒီကမ္ဘာပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုလုပ်တဲ့အမှုတွေကို “သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှု” လို့ မကြာခဏ ရည်ညွှန်းလေ့ရှိကြပါတယ်။
ဝိညာဉ်ဖြစ်သော်လည်း ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်
"ဝိညာဉ်တော်" လို့ခေါ်ပေမဲ့၊ ကိုယ်တော်ဟာ စိတ်ခံစားမှုမရှိတဲ့ စွမ်းအားတစ်ခုမျှသာ မဟုတ်ပါဘူး။ သမ္မာကျမ်းစာက ကိုယ်တော်ဟာ သုံးပါးတစ်ဆူထဲမှာပါဝင်တဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို “ကူညီမစသူ” ဒါမှမဟုတ် “နှစ်သိမ့်ပေးသူ” စတဲ့ နာမတော်တွေနဲ့လည်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ ဒါ့အပြင် သန့်ရှင်းသောဝိညာဉ်တော်ဟာ ခမည်းတော်ဘုရား၊ သားတော်ဘုရားတို့နဲ့ တန်းတူညီမျှဖြစ်ပြီး၊ သူတို့ရဲ့ ဘုရားဖြစ်ခြင်း ဂုဏ်ရည်တွေဟာလည်း တူညီကာ၊ ထူးခြားစုံလင်စွာ သဘောတစ်ညီတစ်ညွတ်တည်းဖြစ်တဲ့ သုံးပါးတစ်ဆူဘုရား ဖြစ်တော်မူပါတယ်။
သမ္မာကျမ်းစာထဲမှ သန့်ရှင်းသောဝိညာဉ်တော်
ကျွန်ုပ်တို့ဟာ သမ္မာကျမ်းစာရဲ့အစကတည်းက ဘုရားသခင်အကြောင်းကို ဖတ်ရှုခဲ့ရပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သခင်ယေရှုအကြောင်း အရိပ်အမြွက်တွေကို ဖတ်ရှုရပြီး ဓမ္မသစ်ကျမ်းမှာတော့ ကိုယ်တော့်ကို ပိုမိုသိကျွမ်းလာရပါတယ်။ အခုမေးခွန်းက သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သင်ဖတ်ရှုခဲ့ဖူးပါသလဲ။ အဖြေကတော့ ကျမ်းစာရဲ့အစကတည်းကပါပဲ။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁၊ အငယ် ၂ မှာပဲ ဖန်ဆင်းရှင်ဘုရားသခင်ကို မိတ်ဆက်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုနိုင်ပါတယ်။ အဲဒီနေရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ရေပြင်ပေါ်မှာ လှုပ်ရှားလျက်ရှိတဲ့ “ဘုရားသခင်၏ဝိညာဉ်တော်” လို့ ရည်ညွှန်းထားပါတယ်။ ဒါ့အပြင် သန့်ရှင်းသောဝိညာဉ်တော်ကို ဓမ္မဟောင်းကျမ်းမှာ အကြိမ်များစွာ တွေ့ရပြီး ဓမ္မသစ်ကျမ်းမှာတော့ ထို့ထက်မက အကြိမ်များစွာ တွေ့ရပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့သော သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်များ
ဓမ္မဟောင်းကျမ်း (Old Testament)
ဓမ္မသစ်ကျမ်း (New Testament)
ဓမ္မဟောင်းကျမ်း (Old Testament)
ဗေဇလေလ: သူဟာ ပရိသတ်စည်းဝေးရာတဲတော်အတွက် အနုပညာဒီဇိုင်းတွေ ဖန်တီးဖို့ ဘုရားသခင်ရွေးချယ်ခဲ့တဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီတဲတော်ဟာ ဣသရေလလူမျိုးတွေရဲ့စခန်းမှာ တည်ရှိပြီး ဘုရားသခင်ရဲ့မျက်မှောက်တော်ကို ပုံဆောင်ပါတယ်။ ဒီတာဝန်ကို အကောင်းဆုံးပြီးမြောက်စေဖို့ ဘုရားသခင်က သူ့ကို ဉာဏ်ပညာ၊ အတတ်ပညာနဲ့ပြည့်စုံစေဖို့ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ခဲ့ပါတယ်။ ထိုအကြောင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
ရှံဆုန်: သူဟာလည်း ဘုရားသခင်ရဲ့ အထူးရည်ရွယ်ချက်တစ်ခုအတွက် ရွေးချယ်ခံခဲ့ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ သူဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိပြီး ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူ့အပေါ်သို့ သက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူ၏အကြောင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါတယ်။
ဓမ္မသစ်ကျမ်း (New Testament)
ဓမ္မသစ်ကျမ်းမှာတော့ သန့်ရှင်းသောဝိညာဉ်တော်ဟာ လူများစွာထံ တစ်ချိန်တည်းမှာ သက်ရောက်လေ့ရှိပါတယ်။ ဒါကို “သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်း” လို့လည်းခေါ်ကြပါတယ်။ အဲဒီထဲကတစ်ခုကတော့ ပင်တေကုတ္တေပွဲနေ့မှာ ဖြစ်ပွားခဲ့ပြီး၊ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဓမ္မသစ်ကျမ်းမှာ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဓမ္မဟောင်းကျမ်းထက် များစွာပိုမိုပါဝင်ပြီး၊ သူ့အကြောင်းကိုလည်း ကျွန်ုပ်တို့ ပိုမိုလေ့လာရပါတယ်။ သခင်ယေရှုဟာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်ဝခဲ့ကြောင်း ကျွန်ုပ်တို့သိရပါတယ်။ ဆိုလိုတာက ယေရှုခရစ်တော်ရဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေမှာ ဝိညာဉ်တော်ရဲ့အလိုတော်အတိုင်းသာ လုပ်ဆောင်ခဲ့ပြီး ဝိညာဉ်တော်ရဲ့ဦးဆောင်မှုကို ခံယူခဲ့တာ ဖြစ်ပါတယ်။ သခင်ယေရှု နှစ်ခြင်းခံပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်ဟာ ချိုးငှက်သဏ္ဌာန်နဲ့ သူ့အပေါ်သို့ ဆင်းသက်ခဲ့ကြောင်း သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။
ပင်တေကုတ္တေပွဲနေ့ ဆိုတာ သင်ကြားဖူးပါသလား။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ မကြွသွားမီမှာ၊ တပည့်တော်တွေဆီကို တစ်စုံတစ်ဦး လာလိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။ ယေရှုကြွသွားပြီးနောက် တပည့်တော်တွေဟာ ယေရုရှလင်မြို့မှာ ဆုတောင်းရင်း စောင့်မျှော်နေခဲ့ကြပြီး၊ ၁၀ ရက်အကြာမှာ သန့်ရှင်းသောဝိညာဉ်တော် ကြွလာကာ အယောက်စီတိုင်းကို ပြည့်ဝစေခဲ့ပြီး ထူးခြားတဲ့နိမိတ်လက္ခဏာတွေ ဖြစ်ပွားခဲ့ပါတယ်။ ထိုအကြောင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါတယ်။
အသီးနှင့် ဆုကျေးဇူးများအကြား ခြားနားချက်
ဒီအပိုင်းကတော့ ဝိညာဉ်တော်ရဲ့အသီးနဲ့ ဆုကျေးဇူးများအကြောင်း ရှင်းပြတဲ့အပိုင်း ဖြစ်ပါတယ်။ "ဝိညာဉ်တော်ရဲ့ အသီး" ဆိုတာက ဘုရားသခင်နဲ့အတူ အသက်ရှင်တဲ့အခါ သင့်ရဲ့အသက်တာမှာ တဖြည်းဖြည်းပေါ်ထွန်းလာတဲ့ စရိုက်လက္ခဏာ (၉) မျိုးကို ရည်ညွှန်းပါတယ်။ "ဝိညာဉ်တော်ရဲ့ ဆုကျေးဇူး" တွေကတော့ အဓိကအားဖြင့် အသင်းတော်နဲ့ တခြားသူတွေကို တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ဟာ သင့်ဘဝကို အလွယ်တကူဖြတ်သန်းနိုင်အောင် ဒါမှမဟုတ် သင့်ရဲ့အခက်အခဲအားလုံးကို ဖယ်ရှားပေးဖို့ ကြွလာတာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ဝိညာဉ်တော်နဲ့အတူ အသက်ရှင်ခြင်းက သင့်ကို မသက်မသာဖြစ်စေတယ်လို့တောင် ခံစားရစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်တော်ဟာ ကျွန်ုပ်တို့ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ စိန်ခေါ်လေ့ရှိပြီး၊ ဒါဟာ အမြဲတမ်းမလွယ်ကူလို့ပါပဲ။
သမ္မာကျမ်းစာဟာ သင့်ဘဝကိုတိုးတက်စေဖို့ အကောင်းဆုံးလက်စွဲစာအုပ်ဖြစ်သလို၊ သန့်ရှင်းသောဝိညာဉ်တော်ကလည်း သင့်ကို အပိုဆုကြေးအဖြစ် ကောင်းချီးတွေ ပေးအပ်ပါတယ်။ အဲဒီကောင်းချီးတွေကို "ဝိညာဉ်အသီး" လို့ခေါ်ပြီး၊ ဒါဟာ သီးခြားအသီး ၉ လုံးမဟုတ်ဘဲ၊ လိမ္မော်သီးတစ်လုံးလို အစိတ်အပိုင်းများစွာပါဝင်တဲ့ အသီးတစ်လုံးနဲ့တူပါတယ်။ သင်ဟာ ဘုရားသခင်နဲ့ နီးကပ်စွာအသက်ရှင်တဲ့အခါ၊ ဝိညာဉ်အသီးဟာ သင့်ရဲ့အသက်တာထဲမှာ ပိုပြီးထင်ရှားစွာ မြင်တွေ့လာရမှာ ဖြစ်ပါတယ်။
ဝိညာဉ်အသီး၏ ဂုဏ်သတ္တိများ (ဂလာတိဩဝါဒစာ ၅:၂၂ )
ဝိညာဉ်အသီး၏ ဂုဏ်သတ္တိများ (ဂလာတိဩဝါဒစာ ၅:၂၂ )
ချစ်ခြင်း (Love): “သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။” (၁ ကော ၁၆:၁၄ JBMLE)။ ဒါဟာ ခက်ခဲပေမဲ့၊ ဘဝအတွက် အကောင်းဆုံးလမ်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဝမ်းမြောက်ခြင်း (Joy): ဒါက အမြဲတမ်းပျော်ရွှင်နေရမယ်လို့ မဆိုလိုပါဘူး။ ဝမ်းမြောက်ခြင်းဟာ ပျော်ရွှင်ခြင်းထက် ပိုမိုနက်ရှိုင်းပြီး၊ ဘုရားသခင်ဆီမှာပဲ ရှာတွေ့နိုင်တဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုနဲ့တူပါတယ်။
ငြိမ်သက်ခြင်း (Peace): ဘုရားသခင်နဲ့အတူရှိတဲ့ ငြိမ်သက်ခြင်း၊ ဘုရားသခင်ဆီက လာတဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ အခက်အခဲတွေကြားမှာတောင် ခံစားရနိုင်တဲ့ စစ်မှန်တဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။
စိတ်ရှည်ခြင်း (Patience): စိတ်ရှည်ခြင်းကတော့ တကယ်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ အရာရာ အလျင်လိုနေတဲ့ ဒီခေတ်ကြီးမှာ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ စိတ်ရှည်ခြင်းက သင့်ကို ပိုပြီးခရီးတွင်စေပါလိမ့်မယ်။
ကျေးဇူးပြုခြင်း (Kindness): သူတစ်ပါးကို ကောင်းမွန်စွာဆက်ဆံသလို၊ ကိုယ့်ကိုယ်ကိုလည်း ကြင်နာတတ်ဖို့ ဖြစ်ပါတယ်။ သင်ကို သူတစ်ပါးဆက်ဆံစေလိုတဲ့အတိုင်း သူတစ်ပါးအပေါ် ဆက်ဆံပါ။
ကောင်းမြတ်ခြင်း (Goodness): ဒီဂုဏ်သတ္တိကတော့ ပိုပြီးလက်တွေ့ကျပါတယ်။ သူတစ်ပါးအပေါ် ကောင်းပါ၊ တတ်နိုင်သလောက် ကူညီပါ။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံရနိုင်ပေမဲ့၊ အပြန်အလှန်အားဖြင့် သင်ဟာ ကျေးဇူးတရားကို ပြန်လည်ရရှိမှာပါ။
သစ္စာစောင့်သိခြင်း (Faithfulness): ဒီဂုဏ်သတ္တိက သင့်ကို ယုံကြည်စိတ်ချထိုက်သူဖြစ်အောင် ကြိုးစားစေပါတယ်။ သမ္မာကျမ်းစာမှာ "သင်တို့၏စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။" လို့ဆိုထားတဲ့အတိုင်း မှန်ကန်မှုရှိပြီး၊ လူတွေက သင့်ကို ယုံကြည်စိတ်ချရသူတစ်ယောက်အဖြစ် သိရှိစေမှာပါ။
နူးညံ့သိမ်မွေ့ခြင်း (Gentleness): သူတစ်ပါးကို မထိခိုက်ပါစေနဲ့။ တစ်ခါတစ်ရံမှာ သင့်ကိုယ်သင်ထက် သူတစ်ပါးကို ဦးစားပေးပါ။
ချုပ်တည်းခြင်း (Self-control): သင်ဟာ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းတဲ့အခါ၊ ဒီအဖိုးတန်တဲ့ စရိုက်လက္ခဏာဟာ သင့်အသက်တာမှာ သီးပွင့်လာပါလိမ့်မယ်။ ချုပ်တည်းခြင်းဆိုတာကတော့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ လမ်းမှားမရောက်အောင် စီမံခန့်ခွဲနိုင်စွမ်းနဲ့၊ အပြစ်ဖြစ်စေနိုင်တဲ့ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများ
သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိသောအခါ၊ သင်သည် အထူးဆုကျေးဇူးများ၊ အရည်အချင်းများကို လက်ခံရရှိပါလိမ့်မယ်။ ၎င်းတို့သည် သင်၌ရှိပြီးသား အရည်အချင်းများကို တိုးချဲ့ပေးသော ဆုကျေးဇူးများဖြစ်နိုင်သလို၊ အသစ်သော ဆုကျေးဇူးများလည်း ဖြစ်နိုင်ပါသည်။ ဤဆုကျေးဇူးများသည် အသင်းတော်ကို အကောင်းဆုံး အတူတကွတည်ဆောက်ရန် ဖြစ်ပါသည်။ အသင်းတော်ကို သမ္မာကျမ်းစာထဲတွင် တစ်ခါတစ်ရံ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။ အစိတ်အပိုင်း တစ်ခုစီတိုင်းသည် အသုံးဝင်ပြီး ခန္ဓာကိုယ်ကို အကောင်းဆုံးအသုံးပြုနိုင်ရန်၊ အင်္ဂါချင်းဝင်များသည် အတူတကွအလုပ်လုပ်ဆောင်ကြရသည်။ နားများသည် စကားမပြောနိုင်၊ လက်များသည် မမြင်နိုင်ကြသော်လည်း အစိတ်ပိုင်းတစ်ခုခြင်းစီတိုင်းသည် မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများရှိကြပြီး အင်္ဂါချင်းဝင်များသည် မိမီတို့၏အရည်အချင်းများတွင် ကြီးထွားလာသောအခါ၊ ကိုယ်ခန္ဓာအဖြစ် အားလုံးအတူတကွ အောင်မြင်ကြပါသည်။
ဝိညာဉ်ဆုကျေးဇူးများ
ဝိညာဉ်ဆုကျေးဇူးများ
ဝိညာဉ်တော်၏ဆုကျေးဇူးများစွာရှိပြီး၊ အဓိကအားဖြင့် ၁ ကော ၁၂:၈-၁၀၊ ရောမ ၁၂:၆-၈ နှင့် ၁ ကော ၁၂:၂၈ တို့မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ အသင်းတော်ရဲ့ အကျိုးအတွက် ဘယ်ဆုကျေးဇူးက ဘယ်သူ့အတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို သိတဲ့အတွက်၊ ကိုယ်တော်ရဲ့အလိုတော်အတိုင်း ပေးအပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အကောင်းဆုံးသော ဆုကျေးဇူးတွေကို စိတ်အားထက်သန်စွာ တောင့်တဆုတောင်းဖို့လည်း အားပေးထားပါတယ်။
အားပေးနိုးဆော်ခြင်း (Encouragement):
ဒီဆုကျေးဇူးဟာ ရိုးရိုးနှစ်သိမ့်ခြင်းထက် ပိုပါတယ်။ စိတ်ဓာတ်ကျနေသူ၊ ယုံကြည်ခြင်းယိုင်နဲ့နေသူ ဒါမှမဟုတ် လမ်းပျောက်နေသူတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သွန်သင်ပြီး ခွန်အားပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒီဆုကျေးဇူးရှိသူတွေဟာ လူတွေရဲ့စိတ်ထဲက လိုအပ်ချက်ကို နားလည်ပြီး မျှော်လင့်ချက်နဲ့ ရဲစွမ်းသတ္တိကို ပြန်လည်တည်ဆောက်ပေးနိုင်ကြပါတယ်။ (ရောမ ၁၂:၈ JBMLE)ကူညီအစေခံခြင်း (Serving):
ဒီဆုကျေးဇူးရှိသူတွေဟာ သူတစ်ပါးရဲ့ လက်တွေ့လိုအပ်ချက်တွေကို မြင်တွေ့ပြီး အသိအမှတ်ပြုမခံရဘဲ နောက်ကွယ်ကနေ ကူညီပေးလိုတဲ့စိတ် ရှိကြပါတယ်။ သူတို့ဟာ အသင်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပေးပြီး၊ တခြားသူတွေက သူတို့ရဲ့ ဆုကျေးဇူးတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် အခြေအနေတွေ ဖန်တီးပေးတတ်ကြပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာနဲ့ ပြုလုပ်တဲ့ လက်တွေ့ကျကျ အမှုတော်ဆောင်ခြင်း ဖြစ်ပါတယ်။ (ရောမ ၁၂:၇ JBMLE )
ဧဝံဂေလိဝေငှခြင်း (Evangelism):
ဒါဟာ လူအများကို သခင်ယေရှုအကြောင်း သတင်းကောင်းနဲ့ ထိတွေ့စေနိုင်တဲ့ ထူးခြားတဲ့ ဆုကျေးဇူးဖြစ်ပါတယ်။ တခြားသူတွေက မိမိတို့ရဲ့ယုံကြည်ခြင်းအကြောင်း ဝေငှဖို့ ခက်ခဲနေချိန်မှာ၊ ဒီဆုကျေးဇူးရှိသူတွေဟာ သဘာဝကျကျနဲ့ ထိထိရောက်ရောက် ရှင်းပြနိုင်ပြီး၊ လူတွေရဲ့စိတ်နှလုံးကို ဘုရားသခင်ဘက်သို့ လှည့်လာအောင် ဆွဲဆောင်နိုင်စွမ်း ရှိကြပါတယ်။ (၁ ကော ၉:၁၉-၂၃ JBMLE)အနာရောဂါငြိမ်းစေခြင်း (Healing):
ဒီဆုကျေးဇူးဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ဝိညာဉ်ရေးရာ နာမကျန်းမှုတွေကို ကုသပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒါဟာ ဆုကျေးဇူးရရှိသူရဲ့ ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ ကရုဏာတော်ကို ထင်ရှားစေဖို့ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ယောက်ကနေတစ်ဆင့် ပြုလုပ်တဲ့ အမှုဖြစ်ပါတယ်။ ( ၁ ကော ၁၂:၄-၁၁ JBMLE)နိမိတ်လက္ခဏာ တန်ခိုးများ (Miracles):
အနာရောဂါငြိမ်းစေခြင်းထက် ပိုမိုကျယ်ပြန့်တဲ့ ဒီဆုကျေးဇူးဟာ သဘာဝတရားရဲ့ နိယာမတွေကို ကျော်လွန်တဲ့ အံ့ဖွယ်အမှုတွေကို ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ဒီအမှုတွေဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုန်းအသရေကို ထင်ရှားစေပြီး၊ လူတွေရဲ့ယုံကြည်ခြင်းကို ခိုင်မာစေဖို့ ရည်ရွယ်ပါတယ်။ (၁ ကော ၁၂:၄-၁၁ JBMLE)တေးဂီတဖြင့် အမှုတော်ဆောင်ခြင်း (Ministering through Music):
တေးဂီတပညာဟာ သဘာဝအရည်အချင်းတစ်ခုဖြစ်ပေမဲ့၊ သန့်ရှင်းသောဝိညာဉ်တော်က ဒီအရည်အချင်းကို ဘိသိက်ပေးတဲ့အခါမှာတော့ ဒါဟာ တန်ခိုးကြီးတဲ့ ဆုကျေးဇူးတစ်ခု ဖြစ်လာပါတယ်။ ဒီဆုကျေးဇူးရှိသူတွေဟာ သီချင်းတွေ၊ တူရိယာတွေကတစ်ဆင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းနိုင်သလို၊ တခြားသူတွေကိုလည်း ဝတ်ပြုကိုးကွယ်ခြင်းထဲသို့ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါဟာ အသင်းတော်ကို ဝိညာဥ်ရေးရာ တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့ အမှုတော်ဆောင်ခြင်းတစ်ခု ဖြစ်ပါတယ်။ (ကောလောသဲ ၃:၁၆ JBMLE)ဧည့်ဝတ်ပြုခြင်း (Hospitality):
ဒါဟာ ကိုယ့်ရဲ့အိမ်တံခါးကို ဖွင့်လှစ်ပြီး လူတွေကို လက်ကမ်းကြိုဆိုတတ်တဲ့ ဆုကျေးဇူး ဖြစ်ပါတယ်။ သူစိမ်းတွေကိုတောင် မိသားစုဝင်တစ်ယောက်လို ခံစားရအောင် နွေးထွေးမှု၊ လုံခြုံမှုနဲ့ မေတ္တာကို ပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒီဆုကျေးဇူးရှိသူတွေဟာ လူတွေကြားမှာ ရင်းနှီးချစ်ခင်တဲ့ အသိုက်အဝန်းတစ်ခုကို တည်ဆောက်ပေးနိုင်ကြပါတယ်။ (၁ ပေ ၄:၉-၁၀JBMLE)
သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်း
သင်ဟာ သခင်ယေရှုကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ သင်ဆက်လက်လုပ်ဆောင်ရမယ့် ခြေလှမ်းအချို့ ရှိပါတယ်။ ပထမတစ်ခုကတော့ ကိုယ့်ရဲ့အပြစ်တွေအတွက် နောင်တရပြီး သခင်ယေရှုနောက်ကို လိုက်လျှောက်ဖို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ရေနှစ်ခြင်းခံခြင်း ဖြစ်ပါတယ်။ ဒီခြေလှမ်းကို လှမ်းခြင်းအားဖြင့် သင်ဟာ အပြစ်ခွင့်လွှတ်ခြင်းကို ရရှိပြီး သခင်ယေရှုနဲ့အတူ ဘဝသစ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်သူတိုင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ဆောင်အဖြစ် လက်ခံရရှိကြပါတယ်။ (တမန်တော်ဝတ္ထု ၂:၃၈ JBMLE)
ဒါဟာ ခံစားချက်ပေါ်မှာ အခြေမခံပါဘူး။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ပေးထားတဲ့ ကတိတော်အပေါ် ယုံကြည်စိတ်ချခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ခံစားချက်တစ်ခုကို မျှော်လင့်ပြီး အာရုံစိုက်နေရင် စိတ်ပျက်သွားနိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ကို တွေ့ကြုံခံစားခြင်း
သင်ဟာ ဝိညာဉ်တော်ကို ဘယ်လိုလက်ခံရမလဲဆိုတာကို ယခုသိပြီဆိုတော့၊ သင့်ဘဝမှာ ဝိညာဉ်တော်ကို ပိုပြီးဘယ်လိုသတိပြုမိနိုင်မလဲ။ သန့်ရှင်းသောဝိညာဉ်တော်ဟာ သင့်ဘဝထဲကို အတင်းအကြပ်ဝင်ရောက်လာမှာမဟုတ်ဘဲ၊ သင်နေရာပေးမှသာ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးအရာက ဆုတောင်းခြင်း ဖြစ်ပါတယ်။ သင့်ဘဝထဲကိုဝင်ရောက်ပြီး အလုပ်လုပ်ဖို့ ကိုယ်တော်ကို တောင်းဆိုပါ။ ဝိညာဉ်တော်ရဲ့ အကူအညီ၊ ဉာဏ်ပညာ၊ ငြိမ်သက်ခြင်းနဲ့ ပြည့်ဝခြင်းတွေအတွက် တောင်းဆိုပါ။ ဝိညာဉ်တော်ဟာ သင်ဖိတ်ခေါ်တဲ့အခါ အမြဲလက်ခံပါလိမ့်မယ်။
နောက်တစ်နည်းကတော့ သင့်ရဲ့ဆုကျေးဇူးတွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သင့်ကို အားအင်ဖြစ်စေတဲ့အရာ၊ သင်ကြိုက်နှစ်သက်တဲ့အရာတွေကို စမ်းသပ်ကြည့်ပါ။ အဲဒီနည်းနဲ့ သင့်ရဲ့ဆုကျေးဇူးကို သိရှိနိုင်ပြီး၊ အဲဒီဆုကျေးဇူးတွေကို စတင်အသုံးပြုနိုင်ပါတယ်။
ယခင်က ဖော်ပြခဲ့သလိုပဲ၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းဟာ အမြဲတမ်း သက်သောင့်သက်သာရှိမှာ မဟုတ်ပါဘူး။ ဝိညာဉ်တော်ဟာ သင့်ဘဝမှာ ရှင်းလင်းပေးလိမ့်မယ်။ အနာဟောင်းတွေကို ကုစားပေးပြီး အရာရာကို ပိုကောင်းအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒါဟာ အစပိုင်းမှာ မသက်မသာဖြစ်စေနိုင်ပေမဲ့၊ နောက်ဆုံးမှာတော့ သင့်ကို စစ်မှန်တဲ့ သက်သာခြင်းကို ရရှိစေပါလိမ့်မယ်။

ဘုရားသခင်အကြောင်း ပိုမိုကျယ်ပြန့်စွာ နားလည်လိုပါသလား။
သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ပိုမိုသိရှိလိုပါက၊ ကျွန်ုပ်တို့ရဲ့ ‘ဘုရားသခင်သည် မည်သူနည်း။’ ဆောင်းပါးမှာ ခမည်းတော်၊ သားတော်၊ နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော သုံးပါးတစ်ဆူဘုရားရဲ့ သဘောသဘာဝအပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။