စိုးရိမ်ပူပန်မှုများကြားတွင် ငြိမ်သက်ခြင်းကို ရှာဖွေခြင်း
ခရစ်ယာန်တစ်ယောက်၏ ရှုထောင့်
အမေရိကန် စိတ်ပညာရှင် ရိုလိုမေ (Rollo May) က စိုးရိမ်သောကဆိုသည်မှာ ဘဝ၏ မရေရာမှုများကြားတွင် တင်းမာမှုများ ဖြစ်ပေါ်လာသောအခါ ကျွန်ုပ်တို့၏ လုံခြုံမှုအတွက် သဘာဝကျသည့် အလိုအလျောက်တုံ့ပြန်သော ခံစားချက်တစ်ခုဖြစ်သည်ဟု ဆိုထားပါတယ်။ ၎င်းဟာ ကိစ္စရပ်တစ်ခုအပေါ် ကျွန်ုပ်တို့ ထိန်းချုပ်နိုင်စွမ်း၏ အကန့်အသတ်သို့ရောက်သည့်အခါ သို့မဟုတ် မသိသေးသောအရာတစ်ခုကို ရင်ဆိုင်ရသည့်အခါ ပေါ်ပေါက်လာတတ်ပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီတိုင်းသည် မိမိ၏ဘဝတစ်ကွေ့မဟုတ်တစ်ကွေ့တွင် ဤစိုးရိမ်ပူပန်မှုဟူသော ခံစားချက်များကို ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မည်။

စိုးရိမ်ပူပန်ခြင်းသည် သင့်ပခုံးပေါ်တွင်ထမ်းထားရသော လေးလံသည့်ဝန်ထုပ်တစ်ခုလို ခံစားစေတတ်ပြီး၊ သင့်ကို ဝိညာဉ်ရေးရာမှာလည်း အားအင်ကုန်ခမ်းစေတတ်ပါတယ်။ ၎င်းဟာ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာ- စိတ်စွဲလမ်းစေသော အတွေးများ (OCD)၊ ထိတ်လန့်တုန်လှုပ်ခြင်းများ၊ ဒါမှမဟုတ် လုံခြုံသည်ဟု ခံစားရသော သင့်အိမ်မှ ထွက်ခွာရန် ကြောက်ရွံ့ခြင်းစသည့် စိတ်ဖိစီးမှုများကိုဖြစ်ပေါ်စေတတ်သည့် အရာများမှတစ်ဆင့် ပေါ်ပေါက်လာနိုင်ပါတယ်။ သင်ဟာ လူမှုဆက်ဆံရေးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်ခြင်းနဲ့ ရုန်းကန်နေရနိုင်သလို၊ ချစ်ရသူများနှင့် ခွဲခွာရတော့မည်ဟူသော စိုးရိမ်သောကကိုလည်း ခံစားနေရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ၊ စိုးရိမ်ပူပန်ခြင်းဆိုသည့်အရာဟာ အနာဂတ်မှာ ဖြစ်မလာသေးသည့် ပြဿနာတွေအတွက် ကြိုတင်စိုးရွံ့ထိတ်လန့်နေခြင်း သို့မဟုတ် ထိုကြောက်စိတ်များအပေါ် ကြောက်စိတ်လွန်ကဲကာ ဘယ်တော့မှ အဆုံးမသတ်နိုင်ပုံရတဲ့ ကြောက်ရွံ့မှုသံသရာတွေဆီကို ဦးတည်သွားစေနိုင်ပါတယ်။ ကောင်းသောအချက်မှာ စိုးရိမ်သောကရောက်တတ်သောစိတ်ကို ကျွန်ုပ်တို့ဟာ နေ့စဉ်ဘဝမှာ ရင်ဆိုင်ဖြေရှင်းပြီး ကျော်လွှားနိုင်ခြင်းဖြစ်ပါတယ်။
ဘုရားသခင်နှင့် အဆက်အသွယ် ပြတ်တောက်သလို ခံစားရခြင်း
သင်၌ မည်သို့သော ဘဝအတွေ့အကြုံပင်ရှိနေပါစေ၊ စိုးရိမ်သောကရောက်သောအခါ ၎င်းဟာ သင့်ကို ဘုရားသခင်နှင့် ချိတ်ဆက်ရန် အလွန်ခက်ခဲသည်ဟု ခံစားစေပြီး၊ ဝိညာဉ်ရေး၌ နှစ်သိမ့်မှုရရှိရန် အလွန်အမင်း ခက်ခဲစေပါတယ်။
စိတ်ပညာရှင် မေ (May) က စိုးရိမ်သောကဟာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတစ်ခုသက်သက် မဟုတ်ဘဲ၊ ကျွန်ုပ်တို့ရဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ပြီး မှန်ကန်သောရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တွန်းအားပေးတဲ့ သော့ချက်တစ်ခုလည်း ဖြစ်နိုင်ပါသည်ဟု ဆိုထားပါတယ်။ ကျွန်ုပ်တို့ရဲ့ စိုးရိမ်သောကတွေက ကျွန်ုပ်တို့ကို စစ်မှန်သော အကာအကွယ်လုံခြုံမှုကို ပေးနိုင်သော ဘုရားသခင်ထံမှာ ခိုလှုံတတ်ရန်လည်း နိုးဆော်နေခြင်းဖြစ်ပါတယ်။ စိုးရိမ်သောကဟာ ဘုရားသခင် သင့်အပေါ်ထားရှိတဲ့ တန်ဖိုးကိုဖြစ်စေ၊ သူ၏မေတ္တာကိုဖြစ်စေ ဘယ်လိုနည်းနဲ့မှ လျော့ကျသွားစေမှာ မဟုတ်ဘူးဆိုတာကို သတိရနေဖို့လည်း အရေးကြီးပါတယ်။ အမှန်တကယ်တော့၊ ဘုရားသခင်ဟာ သင့်ကို သူ၏မျက်မှောက်တော်၌ အနားယူရန်နှင့် ပြန်လည်ကုစားဖို့ရန် ဖိတ်ခေါ်နေပါတယ်။ ဒီဆောင်းပါးမှာ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ငြိမ်သက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်မယ့် ခြေလှမ်းများကို သင်တွေ့ရှိရပါလိမ့်မယ်။

စိုးရိမ်သောကအကြောင်း သမ္မာကျမ်းစာက ဘာပြောထားသလဲ
သမ္မာကျမ်းစာထဲတွင် စိုးရိမ်သောကကို လျစ်လျူမရှုဘဲ တိုက်ရိုက်ရင်ဆိုင်ဖို့ ပြောထားပါတယ်။ ကျမ်းစာက ကျွန်ုပ်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်လာဖို့ အားပေးထားပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၄:၆-၇ JBML မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” ဟုပြောထားပါသည်။ ဒီကျမ်းချက်က ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံရန်ဖော်ပြပြီး၊ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက ကျွန်ုပ်တို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားကာ အစားထိုးပေးလိမ့်မည်ဟူသော ယုံကြည်စိတ်ချမှုကို ပေးပါတယ်။
ဆာလံကျမ်း ၃၄:၄ JBMLE ကလည်း “ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နုတ်တော်မူ၏။” ဟု ပြောထားပါတယ်။ ဒီကတိတော်ဟာ ကျွန်ုပ်တို့ရဲ့ မည်သည့်စိုးရိမ်ပူပန်မှု အမျိုးအစားတိုင်းအတွက်မဆို အကျုံးဝင်ပါတယ်။ ဘုရားသခင်ဟာ သင်ရုန်းကန်နေရတဲ့လမ်းခရီးတစ်လျှောက်မှာလည်း သင်နှင့်အတူ လျှောက်လှမ်းနေပြီး ထိုအခက်အခဲမှ သင့်ကို ကယ်လွှတ်ပေးခြင်းဖြစ်ပါတယ်။

စိုးရိမ်သောကနှင့် ယုံကြည်ခြင်းကို ခွဲခြား နားလည်ခြင်း
စိုးရိမ်သောကဟာ ဆေးကုသမှု သို့မဟုတ် ကုထုံးလိုအပ်လာနိုင်တဲ့ အရာတစ်ခုဖြစ်ကြောင်း သိထားဖို့ အရေးကြီးသလို၊ လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရယူရန်လည်း ကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။ ဝိညာဉ်ရေးရာ ကုစားခြင်းမှာလည်း အဓိကကျသော အခန်းကဏ္ဍမှပါဝင်ပြီး သမ္မာကျမ်းစာဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို တွေးတောဆင်ခြင်ခြင်းတို့က စိုးရိမ်သောကရောက်နေသောစိတ်ကို သက်သာစေပြီး၊ ငြိမ်သက်ခြင်းနှင့် ရှင်းလင်းပြတ်သားမှုများကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ငြိမ်သက်ခြင်းကို ရှာဖွေရန် အဆင့်များ
ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ရှာဖွေပါ။ သင်၏ စိုးရိမ်ကြောက်ရွံ့မှုများကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ယူဆောင်လာပါ။ သင်ဘာတွေခံစားနေရတယ်ဆိုတာကို ဘုရားသခင်အား ရိုးသားစွာ အရှိကိုအရှိတိုင်း ပြောပြပါ။ ဆုတောင်းခြင်းဟာ ဘုရားသခင်ထံ ခိုလှုံခြင်းဖြစ်ပြီး ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်းကို ရရှိရန် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
နှုတ်ကပတ်တော်နှင့် ထိတွေ့ဆက်ဆံပါ။ သမ္မာကျမ်းစာမှာ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ကို ပေးနိုင်တဲ့ ကျမ်းပိုဒ်တွေ အပြည့်ရှိပါတယ်။ ကြောက်ရွံ့ခြင်းနဲ့ စိုးရိမ်သောကအကြောင်းကို အတိအလင်းဖော်ပြထားတဲ့ ကျမ်းချက်များကို ဖတ်ရှုခြင်းဖြင့် စတင်ပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သင့်ဝိညာဉ်ရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ အသက်နှင့်ခွန်အား၏ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။
ထောက်ပံ့ပေးနိုင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ပါ။ ခက်ခဲတဲ့အချိန်တွေမှာ သင့်ဘေးမှာ အတူတကွ လျှောက်လှမ်းပေးနိုင်မယ့် တခြားယုံကြည်သူတွေနဲ့ ချိတ်ဆက်ပါ။ အထီးကျန်ခြင်းက စိုးရိမ်သောကကို ပိုဆိုးစေနိုင်ပေမဲ့၊ သင်ရုန်းကန်နေရတဲ့အခက်အခဲတွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ဦး သို့မဟုတ် ယုံကြည်သူမိသားစုနှင့် မျှဝေခြင်းက သင့်ကို သက်သာရာရစေနိုင်ပါတယ်။
လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရယူပါ။ သင်၏စိုးရိမ်သောကကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းများ မရပ်မနားဖြစ်ပေါ်နေပြီး သို့မဟုတ် ကြောက်စိတ်များအပေါ် ကြောက်စိတ်လွန်ကဲခြင်း ပြင်းထန်နေပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ် သို့မဟုတ် ဆွေးနွေးတိုင်ပင်မှုကို ရယူသင့်ပါသည်။ ဘုရားသခင်ဟာ ကျွမ်းကျင်ပညာရှင်များမှတစ်ဆင့်လည်း ကုစားခြင်းကို မကြာခဏ ဆောင်ကြဉ်းပေးပါတယ်။
သင်၏ ခက်ခဲရုန်းကန်မှုများတွင် သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရပါ။ ဒါဝိဒ်မင်းကြီးအပါအဝင် သမ္မာကျမ်းစာထဲမှ လူများစွာဟာလည်း ပြင်းထန်သော စိုးရိမ်သောကနဲ့ စိတ်ပျက်အားငယ်သော အချိန်များကို ရင်ဆိုင်ခဲ့ရပြီး၊ သူတို့က သူတို့ရဲ့ အခက်အခဲစိုးရိမ်ပူပန်မှုများကို ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်း ဖော်ပြကာ ဘုရားသခင်ထံမှလာတဲ့ ငြိမ်သက်ခြင်းကို တောင်းခံခဲ့ကြပါတယ် (ဆာလံ ၉၄:၁၉JMBLE)။ ယေရှုကိုယ်တော်တိုင်လည်း ဂေသရှေမန်ဥယျာဉ်မှာ၊ လက်ဝါးကပ်တိုင်မှာ အသေမခံမီ ပြင်းထန်သော စိတ်သောကဝေဒနာကို ခံစားခဲ့ကြောင်း လုကာ ၂၂:၄၄ JBMLE မှာ ဖော်ပြထားပါတယ်။ ယေရှုသည် သူကိုယ်တိုင် ဆင်းရဲဒုက္ခ၏ ဝန်ထုပ်ဝန်ပိုးကို ခံစားဖူးသောကြောင့် သင်ဘယ်လိုခံစားနေရသလဲဆိုတာကို သူကောင်းကောင်းနားလည်ပါတယ်။

ဘဝက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်လို့ ခံစားရတဲ့အခါ ဘယ်ကစပြီး ခြေလှမ်းလှမ်းရမလဲ။
အလုပ်တွေများပြီး အာရုံနောက်စရာတွေနဲ့ စိတ်ရှုပ်ထွေးနေပါသလား။ လွယ်ကူတဲ့ သတိပဋ္ဌာန်အလေ့အကျင့်လေးတွေက သင့်ဘဝကို ဟန်ချက်ပြန်ညီစေပြီး စိတ်ငြိမ်းချမ်းမှုရအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ရှာဖွေလေ့လာလိုက်ပါ။