ခရစ္စမတ်- ယေရှုခရစ်တော်၏ ဖွားမြင်ခြင်း
ဒီဇင်ဘာလ။ ကျွန်ုပ်တို့ ခရစ္စမတ်ပွဲတော်ကို ကျင်းပကြတဲ့လပေါ့။ ခရစ္စမတ်သစ်ပင်တွေကို အိမ်ထဲမှာ အလှဆင်ကြ၊ လမ်းတွေပေါ်မှာလည်း ခရစ္စမတ်မီးတွေ ထိန်လင်းနေပြီး ခရစ္စမတ်ကြော်ငြာတွေကလည်း တစ်ခါပြန် မျက်ရည်ဝဲစရာကောင်းနေပြန်ရော။ အားလုံးက အတူတကွရှိပြီး ပျော်ရွှင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကို ဦးတည်နေကြတယ်။ ခရစ္စမတ်ဇာတ်လမ်းရဲ့ အကြောင်းကို သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါဟာ သင်ရှောင်လွှဲလို့မရတဲ့အဖြစ်ပျက်ပါပဲ။ ဒီပွဲတော်ကြီးဟာ အခုဖြစ်နေသလို စီးပွါးရေးဆန်တဲ့သူတွေ့ရဲ ပွဲတော်ကြီး မဖြစ်သင့်ဘူးဆိုတာကိုတော့ ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီအားလပ်ရက်ကြီးကို ဗဟိုပြုပြီး ရုပ်ရှင်တွေ ရိုက်ကူးကြတယ်၊ အားလုံးက နည်းအမျိုးမျိုးနဲ့ ခရစ္စမတ်ရဲ့ 'အဓိပ္ပာယ်အစစ်အမှန်' ကို ထောက်ပြဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ တကယ့် ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အစစ်အမှန်က ဘာလဲ။

ယေရှု၏ သက်တော်စဥ်
သင် သတိထားမိသည်ဖြစ်စေ၊ မထားမိသည်ဖြစ်စေ နှစ်စဉ်နှစ်တိုင်း သင်ဟာ ယေရှုခရစ်တော်ရဲ့ အသက်တာကို ခေတ္တခန ပြန်လည်ဆင်ခြင်နေမိပါလိမ့်မယ်။ အထူးသဖြင့် ခရစ္စမတ်မှာပေါ့။ အနောက်တိုင်းမှာ ခရစ္စမတ်ကို ဘယ်တော့မှ ကျော်သွားလေ့မရှိပါဘူး နှစ်စဉ်ကျင်းပကြပါတယ်။ သို့ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ခရစ္စမတ်နောက်ကွယ်က ဇာတ်လမ်းဟာ အနည်းငယ် အရောင်မှိန်ပြီး ရှုပ်ထွေးသွားခဲ့ပါတယ်။ ခရစ်စ္စမတ်ဟာ လက်ဆောင်တွေ ဒါမှမဟုတ် စန်တာကလော့စ်အကြောင်း မဟုတ်ဘူးဆိုတာကို ကျွန်ုပ်တို့အားလုံး သိပါတယ်။ ထို့ကြောင့် ခရစ္စမတ်ဟာ မှောင်မိုက်တဲ့နေ့ရက်တွေအတွင်း နွေးထွေးမှု၊ မေတ္တာ၊ ပေးကမ်းစွန့်ကြဲမှုနဲ့ မိသားစုရဲ့ အရေးပါမှုအကြောင်း ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ မူလကတော့ ခရစ္စမတ်ဟာ 'လူ့ဇာတိခံယူခြင်း' (Incarnation) အကြောင်းပဲ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ လူသားတစ်ဦးအဖြစ် ခံယူခြင်းကို ဆိုလိုတာပါ။ ယေရှုဟာ ဒီပျက်စီးနေတဲ့ကမ္ဘာကြီးကို ကလေးငယ်တစ်ဦးအဖြစ် ကြွလာခဲ့ခြင်း ဖြစ်ပါတယ်။ တခြားကလေးငယ်တွေလိုပဲ သူဟာမွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့် တခြားကလေးငယ်များကဲ့သို အပြည့်ဝတူနေခြင်းတော့မဟုတ်ပါ။
ရာစုနှစ်များစွာကြာပြီးနောက်မှာတောင် ကျွန်ုပ်တို့ဟာ ယေရှုရဲ့မွေးနေ့ကို ဆက်လက်ကျင်းပနေကြတာကို ကြည့်ခြင်းအားဖြင့် ယေရှုရဲ့ဘဝဟာ တခြားသူတွေနဲ့မတူဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက တကယ်တမ်း သူရဲ့ဘဝဟာ ဘယ်လိုပုံစံရှိခဲ့ပါသလဲ။ ဘယ်သူတွေက ပါဝင်ခဲ့တာလဲ။ ဘာကြောင့် ကျွန်ုပ်တို့ ဒီနေ့အထိ ခရစ္စမတ်ကို ကျင်းပနေကြတာလဲ။
ခရစ္စမတ်ဆိုတာ ဘာလဲ
ခရစ္စမတ်ဆိုတာ ယေရှုခရစ်တော် ဖွားမြင်ခြင်းအကြောင်းပါ။ ဣသရေလနိုင်ငံ၊ ဗက်လင်မြို့ရှိ နွားတင်းကုပ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဒီတင်းကုပ်ထဲမှာ ကိုယ်ဝန်ဆောင်နေရသော မယ်တော်မာရိဟာ သူ့၏ခင်ပွန်းဖြစ်သူ ယောသပ်နဲ့အတူ ခရီးရှည်ကြီးကအပြန် ညအိပ်တည်းခိုခဲ့ရပါတယ်။ အဲဒီညမှာပဲ သူဟာ သူ့ရဲ့ရင်သွေးငယ် သူငယ်တော် ယေရှုကို မွေးဖွားခဲ့ပါတယ်။
သင်အဲဒီမွေးဖွားတော်မူခန်းမြင်ကွင်းကိုမြင်ဖူးမှာပါ- သစ်သားသေတ္တာထဲကကလေးငယ်လေးတစ်ဦးရှိတဲ့တဲငယ်လေးတစ်လုံးပေါ့။သူ့ပတ်လည်မှာလူတွေကကလေးငယ်ကိုအံ့ဩဂုဏ်ယူတဲ့အကြည့်တွေနဲ့ကြည့်နေခဲဘကြတယ်။ခရစ္စမတ်ဆိုတာဘာလဲဆိုတာသိဖို့အဲဒီမွေးဖွားတော်မူခန်းမြင်ကွင်းကိုလေ့လာကြည့်ကြရအောင်။
ခရစ္စမတ်ဇာတ်လမ်း- ဘယ်သူလဲ၊ ဘာဖြစ်လို့လဲ၊ ဘယ်မှာလဲ
မွေးဖွားတော်မူခန်းရဲ့ အဓိကဇာတ်ကောင်က သူငယ်တော်ယေရှုပါ။ ခရစ္စမတ်ပွဲတော်တစ်ခုလုံးဟာ ဒီယေရှုလို့အမည်ရတဲ့ ကလေးငယ်ရဲ့ ဖွားမြင်ခြင်းကို ဗဟိုပြုထားပါတယ်။ သူ့ဘေးမှာ သူ့ဖခင်ယောသပ်နဲ့ မိခင်မာရိတို့ ရှိနေပါတယ်။ ဇာတ်လမ်းအရ ယေရှုကို နွားတင်းကုပ်ထဲမှာ မွေးဖွားခဲ့တာကြောင့် တိရစ္ဆာန်တွေလည်း ရှိခဲ့နေပါတယ်။ ထို့အပြင် အနီးအနားက သိုးထိန်းတွေနဲ့ အရှေ့တိုင်းက 'ပညာရှိ' သို့မဟုတ် 'မာဂုပညာရှိ' တွေလည်း ရှိနေခဲ့ပါတယ်။ ကောင်းကင်တမန်တစ်ပါးကတော့ လေထဲမှာ ပျံဝဲနေတဲ့ပုံစံနဲ့ မကြာခဏ ပုံဖော်ခံရပါလိမ့်မယ်။ ဒီဇာတ်ကောင်တွေအားလုံးဟာ ခရစ္စမတ်ဇာတ်လမ်းမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ သူတို့ကို တစ်ဦးချင်းစီ လေ့လာကြည့်ရအောင်။
ဤသူငယ်ကား အဘယ်သူနည်း
ဒီ သူငယ်တော်ယေရှုဟာ ပွဲတော်တစ်ခုလုံး ဗဟိုပြုထားတဲ့သူ ဖြစ်ပါတယ်။ ယေရှုဟာ ထူးခြားတဲ့ကလေးတစ်ဦးပါ။ သင် သူ့အပေါ် ဘယ်လိုပဲထင်မြင်ပါစေ၊ သူ့ရဲ့မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို အလုံးစုံ ထာဝရပြောင်းလဲစေခဲ့ပါတယ်။ ဒီကလေးငယ်လေးကို တခြားကလေးတွေနဲ့ ဘာတွေကများ ကွဲပြားစေခဲ့တာလဲ။ သူဟာ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့တာပါ။ သူဟာ လူသားစစ်စစ်ဖြစ်သလို ဘုရားလည်း အပြည့်အဝဖြစ်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ယေရှုကို ဘုရားသခင်၏သားတော်ဟုလည်း ခေါ်ဆိုကြပါတယ်။
ဒါကြောင့်မို့လို့ ဒီကလေးငယ်ရဲ့ မွေးဖွားခြင်းကို နှစ်ပေါင်း ၂၀၀၀ ကျော်ကြာသည့်တိုင်အောင် ဆက်လက်ကျင်းပနေကြတာ ဖြစ်ပါတယ်။
မာရိက ဘယ်သူလဲ
မာရိဟာ နာဇရက်မြို့က သာမန်မိန်းကလေးတစ်ဦးပါ။ သူဟာ ယောသပ်နဲ့ စေ့စပ်ကြောင်းလမ်းထားပါတယ်။ သူ့အသက်က ၁၆ နှစ်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်ုပ်တို့ခေတ်မှာတော့ ဒါဟာ အရမ်းငယ်တယ်လို့ ထင်ရနိုင်ပေမယ့် အဲဒီခေတ်ကတော့ မိန်းကလေးတွေ ဒီအသက်အရွယ်လောက်မှာ အိမ်ထောင်ပြုကြတာက သာမန်ပါပဲ။ မာရိဆီကို ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူဟာ ထူးခြားတဲ့ကလေးတစ်ဦးကို ပဋိသန္ဓေယူရမယ်၊ သူ့နာမည်ကို ယေရှုလို့ မှည့်ခေါ်ရမယ်လို့ ပြောခဲ့ပါတယ်။ မာရိဟာ အတူနေဖူးခြင်းမရှိတာကြောင့် တုန်လှုပ်သွားခဲ့ပြီဟာသူက ကောင်းကင်တမန်ကို "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ မေးခဲ့ပါတယ်။ ကောင်းကင်တမန်က ဘုရားသခင်ဟာ သူ့ရဲ့ဝိညာဉ်တော်အားဖြင့် သူမကို ကိုယ်ဝန်ရှိစေလိမ့်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။ သူမဟာ ဒီထူးခြားတဲ့တာဝန်ကို လက်ခံခဲ့ပါတယ်။
မာရိဆီက ကျွန်ုပ်တို့သင်ယူရတဲ့ လှပတဲ့အချက်တစ်ခုကတော့ ဘုရားသခင်ရဲ့အစီအစဉ်က နားလည်ရခက်ပြီး နာကျင်စရာကောင်းနေရင်တောင် လက်ခံလိုက်ခြင်းပါပဲ။ မာရိဟာ နှိမ့်ချပြီး နာခံတတ်တဲ့သူဖြစ်တာကြောင့် ယခုအခါမှာ ထာဝရကာလပတ်လုံး မင်္ဂလာရှိသူ တစ်ဦးဖြစ်နေပါပြီ။
ယောသပ်က ဘယ်သူလဲ
ယောသပ်ဟာ မာရိနဲ့ စေ့စပ်ထားစဉ်မှာပဲ သူမ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ သူတို့နှစ်ဦး အတူနေဖူးခြင်းမရှိသေးတာကြောင့် ကလေးက သူ့ကလေးမဖြစ်နိုင်ပါဘူး။ သူ ဘယ်လောက်တောင် စိတ်ဆိုးပြီး စိတ်ပျက်ခဲ့လိုက်မလဲ။ သူဟာ သူမကို တိတ်တဆိတ် စွန့်ခွာသွားဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။
ဒါပေမဲ့ ယောသပ် အိပ်မက်တစ်ခုမက်ခဲ့တယ်၊ ကောင်းကင်တမန်တစ်ပါးက မာရိဟာ ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ဘုရားသခင်က မာရိကို ကိုယ်ဝန်ရှိစေခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ထိုကလေးဟာ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ယောသပ်အတွက် အလွန်ခက်ခဲမှာဖြစ်ပေမဲ့ ဒီအိပ်မက်က သူ့အတွက် အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ သူဟာ ယေရှုအတွက် ဖခင်တစ်ယောက်အဖြစ် နေထိုင်ဖို့ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ယောသပ်ဟာ ဒီဇာတ်လမ်းထဲမှာ နောက်ထပ်အိပ်မက်တွေလည်း မက်ခဲ့ပြီး အဲဒီအထဲမှာ ဘုရားသခင်က သူ့ကို အရေးကြီးတဲ့အရာတွေကို ပြောကြားခဲ့ပါတယ်။ ဒီအိပ်မက်တွေအကြောင်းကို နောက်ပိုင်းမှာ သင်ပိုပြီး ဖတ်ရှုရပါလိမ့်မယ်။
ဘာကြောင့် သိုးထိန်းတွေရှိနေခဲ့တာလဲ။
သိုးထိန်းတွေဟာ ယေရှုမွေးဖွားချိန်မှာ ပထမဆုံး လာရောက်တွေ့ဆုံတဲ့သူတွေ ဖြစ်ပါတယ်။ ယေရှုမွေးဖွားတဲ့ညမှာ သူတို့ လယ်ကွင်းထဲမှာရှိနေတုန်း ကောင်းကင်တမန်တစ်ပါး ပေါ်လာပြီး ဒီထူးခြားတဲ့ကလေးအကြောင်း ပြောပြခဲ့ပါတယ်။ သူတို့ဟာ ကောင်းကင်တမန်တွေ ညွှန်ပြတဲ့နေရာကို အပြေးအလွှား သွားခဲ့ကြပါတယ်။
အဲဒီခေတ်အခါကသိုးထိန်းခြင်းအလုပ်ဟာလိုးလားစရာအလုပ်မဟုတ်ခဲ့သည့်အတွက်သိုးထိန်းတွေကိုလူ့အသိုင်းအဝိုင်းမှာအဆင့်အတန်းနိမ့်သူတွေအဖြစ်သတ်မှတ်ခံရပါတယ်။သိုးထိန်းတွေဟာမကြာခဏဆိုသလိုကြမ်းတမ်းတဲ့လူစားမျိုး ဖြစ်ကြပါတယ်။ဒါကြောင့်သူတို့ဟာသူငယ်တော်ယေရှုကိုပထမဆုံးလာရောက်တွေ့ဆုံဖို့ဖိတ်ခေါ်ခံရတယ်ဆိုတဲ့အချက်ကတော်တော်လေးကိုထူးခြားစေပါတယ်။ဒါကဘုရားသခင်ဟာလူ့အသိုင်းအဝိုင်းရဲ့အစွန်အဖျားမှာရှိနေတဲ့ လူတွေကို အမှန်တကယ်ပဲ ကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာကို ပြသနေပါတယ်။
'ပညာရှိ' တွေကရော ဘယ်လိုလဲ
"We three kings from Orient..." ဆိုတဲ့ သီချင်းစာသားအတိုင်းပါပဲ။ တကယ်တော့ သူတို့ဟာ သုံးယောက်တစ်ဖွဲ့ဖြစ်တယ်လို့ ကျမ်းစာထဲမှာ မှတ်တမ်းမရှိပါဘူး။ တစ်ခါတစ်ရံ သူတို့ကို မာဂုပညာရှိ သို့မဟုတ် ပညာရှင်များလို့ ဖော်ပြကြပါတယ်။ သေချာတာတစ်ခုကတော့ သူတို့ဟာ အရှေ့တိုင်းကနေ လာခဲ့ကြတာပါ။ သူတို့ဟာ နက္ခတ္တဗေဒပညာနဲ့ ပတ်သက်ပြီး လေ့လာလုပ်ကိုင်နေသူတွေဖြစ်မှန်း ကျွန်ုပ်တို့သိပါတယ်။ ကြယ်တွေကိုအခြေခံပြီး သူတို့ဟာ ကြိုတင်ခန့်မှန်းချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။
သူတို့ဟာ ကြယ်တာရာတွေကို လေ့လာနေတုန်းမှာပဲ ထူးခြားတဲ့ကြယ်သစ်တစ်လုံး ပေါ်ထွက်လာခဲ့တာကို သတိထားမိလိုက်ပါတယ်။ သူတို့က ဒီကြယ်ကို ဘုရင်အသစ်တစ်ပါး ကြွရောက်လာခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ထို့ကြောင့် သူတို့ဟာ ခရီးထွက်ပြီး ဣသရေလနိုင်ငံဆီသို့ ကြယ်နောက်ကိုလိုက်ကာ သွားခဲ့ကြပါတယ်။ သူတို့ဟာ ပထမဦးဆုံး ထိုဒေသရဲ့ဘုရင် ဟေရုဒ်ကို သွားတွေ့ပါတယ်။ ဟေရုဒ်က ဘာမှမသိခဲ့ပါ။ ဒါကြောင့် သူတို့ဟာ ဆက်လက်ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ ဗက်လင်မြို့က နွားတင်းကုပ်ကို ရောက်လာခဲ့ကြပါတယ်။ သူတို့ဟာ လက်ဆောင်သုံးမျိုးဖြစ်တဲ့ ရွှေ၊ လော်ဗန်နဲ့ မုရန်တို့ကို ယူဆောင်လာခဲ့ကြပါတယ်။ ဒါက သူတို့ဟာ သုံးယောက်အတူလာသည်ဟု့ ထင်စေသည် အတွေးအခေါ် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သင်ဟာ မွေးဖွားတော်မူခန်းမြင်ကွင်းတွေမှာ သိုးထိန်းတွေနဲ့ ပညာရှိတွေကို အတူတူတွေ့ရလေ့ရှိပေမဲ့ ပညာရှိတွေဟာ ယေရှုမွေးဖွားပြီး ၂ နှစ်အကြာမှာမှ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် သိုးထိန်းတွေက ထွက်ခွာသွားတာကြာပြီဖြစ်ပြီး ထိုအချိန်မှာတော့ ယေရှုတို့ မိသားစုလေးဟာ နွားတင်းကုပ်ထက် ပိုကောင်းတဲ့နေရာထိုင်ခင်းတစ်ခု ရနေလောက်ပြီလို့ မျှော်လင့်ရပါတယ်။
ကြယ်ကရော ဘာလဲ
တင်းကုပ်အပေါ်မှာ ကြယ်တစ်လုံး တောက်ပနေလေ့ရှိပါတယ်။ ခရစ္စမတ်ကာလမှာ ကြယ်ဟာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ ကျွန်ုပ်တို့ဟာ ခရစ္စမတ်သစ်ပင်ထိပ်မှာတောင် ကြယ်ကို တောက်ပစွာ ထွန်းလင်းနေတာကို တွေ့ရတတ်ပါတယ်။ ကြယ်ဟာ ပညာရှိတွေကို ယေရှုမွေးဖွားမယ့်နေရာကို ညွှန်ပြခဲ့ပါတယ်။ ကြယ်အသစ်တစ်လုံးဟာ ဘုရင်အသစ်တစ်ပါး မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ အဲဒီအချိန်က ကြယ်ကို မျှော်လင့်ချက်အသစ်နဲ့ ပိုကောင်းတဲ့အချိန်ကာလရဲ့ နိမိတ်လက္ခဏာအဖြစ်လည်း ရှုမြင်ခဲ့ကြပါတယ်။ အခုခေတ် ခရစ်ယာန်ဘာသာမှာ နက္ခတ္တဗေဒဟာ အခန်းကဏ္ဍ မရှိသလောက်ဖြစ်ပေမဲ့ အဲဒီခေတ်အခါကတော့ လူတွေဟာ နိမိတ်လက္ခဏာတွေအတွက် ကြယ်တွေကို မကြာခဏ မော့ကြည့်ခဲ့ကြပုံရပါတယ်။
ဒီခရစ္စမတ်ကြယ်ဟာ တကယ်ရှိခဲ့ရဲ့လား။ နက္ခတ္တဗေဒပညာရှင်တွေအားလုံးနီးပါး သဘောတူကြပါတယ်- ဟုတ်ကဲ့၊ ရှိခဲ့ပါတယ်! တရုတ်နက္ခတ္တဗေဒပညာရှင်တွေကလည်း အဲဒီအချိန်လောက်မှာ ထူးခြားတဲ့ကြယ်တစ်လုံးကို တွေ့မြင်ခဲ့ရတယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ သူတိုတွေ ဘာကိုအတိအကျမြင်ခဲ့ကြသလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။ စူပါနိုဗာ (ကြယ်ပေါက်ကွဲခြင်း)၊ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ တတန်းတည်းကျရောက်ခြင်း၊ ဒါမှမဟုတ် ဟေလီကြယ်တံခွန် ဖြစ်နိုင်တယ်ဟု့ ယူဆခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီအချိန်အတိအကျမှာ တောက်ပတဲ့ကြယ်သစ်တစ်လုံးကို တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတော့ သေချာပေါက်ရှိခဲ့ပါတယ်။
ကောင်းကင်တမန်ကရော ဘယ်လိုလဲ
ကောင်းကင်တမန်ဟာ ခရစ္စမတ်ဇာတ်လမ်းတစ်လျှောက်လုံးမှာ ထပ်ခါတလဲလဲ ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ မာရိဆီကို ဂါဗျေလလို့အမည်ရတဲ့ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူမ ကိုယ်ဝန်ရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကောင်းကင်တမန်ဟာ ကျမ်းစာထဲက တခြားလူတွေဆီမှာလည်း ပေါ်ခဲ့ပါသေးတယ်။ ယောသပ်က ကောင်းကင်တမန်တစ်ပါး စကားပြောတဲ့ အိပ်မက်တွေကို အကြိမ်ပေါင်းများစွာ မက်ခဲ့ပါတယ်။ ပြီးတော့ သိုးထိန်းတွေကလည်း ကယ်တင်ရှင်တစ်ပါး မွေးဖွားပြီဆိုတာကို ကောင်းကင်တမန်တွေဆီကနေ ကြားခဲ့ရပါတယ်။
ကျွန်ုပ်တို့ဟာ အလှဆင်ပစ္စည်းတွေမှာ လှပတဲ့အမျိုးသမီး ဒါမှမဟုတ် ဖောင်းအစ်နေတဲ့ ကလေးငယ်လေးတွေအဖြစ် ပုံဖော်ထားတဲ့ ကောင်းကင်တမန်တွေဟာ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ပုံစံနဲ့ လုံးဝမတူဘူးဆိုတာ သိထားဖို့ကောင်းပါတယ်။ လူတွေဟာ ကောင်းကင်တမန်တွေနဲ့ တွေ့ကြုံရတဲ့အကြောင်း ဖတ်ရတဲ့အခါတိုင်းမှာ ကောင်းကင်တမန်က ပထမဆုံးပြောတဲ့စကားက "မကြောက်ကြနှင့်" ဆိုတာပါပဲ။ အကြောင်းရင်းကတော့ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ဟာ ကြောက်မက်ဖွယ်ကောင်းနေမှာဖြစ်လို့ပါပဲ။ သူတို့ဟာ အရပ်အမောင်းမြင့်မားပြီး၊ ကြေးနီရောင်အဆင်းရှိကာ အလင်းရောင်များ တောက်ပဖြာထွက်နေတယ်လို့ ကျွန်ုပ်တို့ ဖတ်ရှုရပါတယ်။
မွေးဖွားတော်မူခန်းတွင် ဘယ်တိရစ္ဆာန်တွေ ပါဝင်သလဲ
ပုံမှန်ဖော်ပြထားတဲ့ မွေးဖွားတော်မူခန်းတစ်ခုမှာ တိရစ္ဆာန်အစုံအလင် ပါဝင်ပါတယ်။ ယောသပ်၊ မာရိနဲ့ ယေရှုတို့နဲ့အတူ သူတို့ရဲ့ တင်းကုပ်ကို ရုတ်တရက် မျှဝေသုံးစွဲခဲ့ရတဲ့ တိရစ္ဆာန်တွေနဲ့ စလိုက်ကြရအောင်။ ဘယ်တိရစ္ဆာန်တွေ ရှိခဲ့သလဲဆိုတာ ကျွန်ုပ်တို့မသိပေမဲ့ ယေရှုကို တင်းကုပ်ထဲမှာ မွေးဖွားခဲ့ပြီး နွားစားခွက်ထဲမှာ သိပ်ထားခဲ့တယ်ဆိုတာတော့ ကျွန်ုပ်တို့သိရပါတယ်။ ဒါကြောင့် အဲဒီခေတ်က တင်းကုပ်မှာသာမန်အားဖြင့် ရှိတတ်တဲ့ နွား ဒါမှမဟုတ် ဆိတ်တွေလို တိရစ္ဆာန်အမျိုးမျိုး ရှိခဲ့မယ်လို့ ယူဆရပါတယ်။ မာရိဟာ ကိုယ်ဝန်အရင့်အမာနဲ့ ဗက်လင်မြို့ကို သွားဖို့ စီးခဲ့တဲ့ မြည်းလည်း ရှိနေမှာပါ။
သိုးထိန်းတွေက သူတို့ထိန်းကျောင်းနေတဲ့ သိုးတွေကို ခေါ်လာကြပါတယ်။ အရှေ့တိုင်းက ပညာရှိတွေက ကုလားအုတ်တွေကို စီးလာကြပါတယ်။ ဒါတွေဟာ အဲဒီခေတ်အခါက ခရီးရှည်သွားဖို့အတွက် သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေ ဖြစ်ပါတယ်။ အဲဒီတိရစ္ဆာန်တွေအားလုံးဟာ တင်းကုပ်ထဲမှာ တကယ်ရှိခဲ့သလားဆိုတာတော့ ကျွန်ုပ်တို့မသိပါဘူး။ တကယ်တော့ အဲဒါဟာ တင်းကုပ်ဟုတ်မဟုတ်တောင် ကျွန်ုပ်တို့ လုံးဝမသေချာပါဘူး။ ကျမ်းစာက ယေရှုကို နွားစားခွက်ထဲမှာ ထားခဲ့တယ်လို့သာ ပြောထားပါတယ်။ ဒါကြောင့် သူဟာ တိရစ္ဆာန်တွေကြား တစ်နေရာရာမှာ ရှိနေခဲ့ရမယ်လို့ ယူဆရပါတယ်။
မွေးဖွားတော်မူခြင်း ဘယ်နေရာမှာ ဖြစ်ပွားခဲ့သလဲ
ယေရှုကို ဣသရေလနိုင်ငံ၊ ဗက်လင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို တင်းကုပ်အဟောင်း ဒါမှမဟုတ် ဂူတစ်ခုထဲမှာ မွေးဖွားခဲ့တာပါ။ ယောသပ်နဲ့ မာရိဟာ ကီလိုမီတာပေါင်း ၁၄၀ ခန့်ဝေးတဲ့ နာဇရက်မြို့မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ဒီမြို့ကိုရောက်ဖို့ တစ်ပတ်လောက် လမ်းလျှောက်ခဲ့ရပါတယ်။ မာရိဟာ အဲဒီအချိန်မှာ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်နေတယ်ဆိုတာကို သတိရပါ။
သူတို့ဟာ ဗက်လင်မြို့ကို အပန်းဖြေခရီး ဒါမှမဟုတ် မြို့ပြခရီးစဉ် ထွက်လာတာမျိုး မဟုတ်ပါဘူး။ သူတို့ဟာ ဧကရာဇ်ဘုရင်ရဲ့အမိန့်အရ အဲဒီခေတ်က လူဦးရေစာရင်းမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ဒါကို သူတို့မိသားစု မူလဇာတိနေရာမှာသာ ပြုလုပ်ခွင့်ရှိခဲ့ကြပါတယ်။ ဒီအမိန့်ဟာ တစ်နိုင်ငံလုံးအတွက် အကျုံးဝင်တာကြောင့် မြို့များဟာ ဧည့်သည်တွေနဲ့ ပြည့်ကျပ်နေပြီး တည်းခိုခန်းအားလုံး လူပြည့်နေခဲ့ပါတယ်။ ယောသပ်နဲ့ မာရိအတွက် နားခိုစရာနေရာ မရှိခဲ့ပါဘူး။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူတို့ကို တိရစ္ဆာန်တွေကြားက တင်းကုပ်တစ်ခုမှာ အိပ်စက်ဖို့ နေရာပေးခဲ့ပါတယ်။ သမိုင်းအရ မာရိဟာ ကလေးငယ်ယေရှုကို မွေးဖွားခဲ့တဲ့နေရာပေါ့။ ထို့အတူက သူငယ်တော်ယေရှုကို အဝတ်နဲ့ပတ်ပြီး နွားစားခွက်ထဲမှာ သိပ်ထားခဲ့ပါတယ်။
ပထမဆုံးခရစ္စမတ်က ဘယ်အတုန်းကလဲ။
ကျွန်ုပ်တို့ရဲ့ ပြက္ခဒိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၂၀ ကျော်က ယေရှုမွေးဖွားခြင်းအပေါ် အခြေခံထားပါတယ်။ အတိအကျနှစ်ကို မသိရပေမဲ့ သူ့ရဲ့မွေးနေ့ဟာ ကျွန်ုပ်တို့ခေတ်ထက် လေးနှစ်စောနိုင်ဖွယ်ရှိပါတယ်။ ဇာတ်လမ်းထဲမှာ သိုးထိန်းတွေ ပါဝင်ပေမဲ့ ဒီဇင်ဘာလဟာ သိုးတွေကို အပြင်မှာ ထိန်းကျောင်းနေဖို့အတွက် အရမ်းအေးလွန်းခဲ့ပါတယ်။ ဒါကြောင့် ယေရှုကို မတ်လ ဒါမှမဟုတ် ဧပြီလမှာ မွေးဖွားခဲ့ဖွယ်ရှိပါတယ်။ ဒီဇင်ဘာလကို နောက်ပိုင်းမှ ရွေးချယ်ခဲ့တာဖြစ်ပြီး ရောမလူမျိုးတွေက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဆောင်းလယ်ပွဲတော်ကို ကျင်းပလေ့ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ပထမဆုံး ခရစ်ယာန်တွေက ထိုအားလပ်ရက်ကို ယေရှုမွေးဖွားခြင်းကို ကျင်းပဖို့ အသုံးပြုခဲ့ကြတာပါ။
ဒါဟာ ဒဏ္ဍာရီပုံပြင်တစ်ခုပဲလား
ဒါဟာ အံ့ဩစရာဖွယ် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး တစ်ခါတစ်ရံမှာ အချစ်ဇာတ်လမ်းဆန်တဲ့ ခရစ္စမတ်ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် ဒီမေးခွန်းဟာ အရေးကြီးဆုံးသောမေးခွန်း ဖြစ်နိုင်ပါတယ်။ ယောသပ်နဲ့ မာရိကြားက အချစ်၊ ချစ်စရာကောင်းတဲ့ သူငယ်တော်ယေရှု၊ ပြီးတော့ သိုးထိန်းတွေနဲ့ ပညာရှိတွေ ရောက်လာတာလိုမျိုး အံ့ဖွယ်ဖြစ်ရပ်တွေ ပါရှိနေပါတယ်။ ခရစ္စမတ်ဇာတ်လမ်းရဲ့ အများစုဟာ အချစ်ဇာတ်လမ်းဆန်အောင် ပုံဖော်ထားပြီး တကယ်တမ်း ဖြစ်ပျက်ခဲ့ပုံနဲ့တော့ အနည်းငယ် ကွဲလွဲနိုင်ပါတယ်။
ဇာတ်လမ်းကို ဘယ်သူရေးခဲ့တာလဲ
လွန်ခဲ့တဲ့ အချိန်အကြာကြီးက ဖြစ်ပျက်ခဲ့တာဖြစ်လို့ ဒီဇာတ်လမ်းဟာ မှန်ကန်တယ်ဆိုတာကို ကျွန်ုပ်တို့ တကယ်သိနိုင်ပါ့မလား။
အဖြေကတော့ ဟုတ်ကဲ့၊ သိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းကို သမ္မာကျမ်းစာထဲမှာ တိကျစွာ ရေးသားထားလို့ပါပဲ။
သမ္မာကျမ်းစာဟာ ခရစ်ယာန်တွေအတွက် ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစာအုပ် ဖြစ်ပါတယ်။ ဒါဟာ အဓိကအားဖြင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး တကယ်တော့ စာအုပ်ပေါင်းများစွာကို စုစည်းထားတာ ဖြစ်ပါတယ်။ ပထမပိုင်းကို ဓမ္မဟောင်းကျမ်းလို့ ခေါ်ပါတယ်။ ဒါဟာ ဂျူးဘာသာနဲ့ ဣသရေလနိုင်ငံရဲ့ သမိုင်းကြောင်း၊ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းအကြောင်းတွေ အများကြီးပါဝင်ပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ တစ်နေ့မှာ ကယ်တင်ရှင်တစ်ပါး ကြွလာလိမ့်မယ်လို့လည်ူ ဖော်ပြထားပါတယ်။ ထိုထဲတွငါ ကြိုတင်ဟောကိန်းအမျိုးမျိုးလည်း ပါဝင်ပါတယ်။ ဂျူးလူမျိုးတို့ရဲ့ မေရှိယကို ဘယ်လို၊ ဘယ်နေရာမှာ မွေးဖွားမယ်ဆိုတဲ့ ပရောဖက်ပြုချက်များစွာရှိခဲ့ပြီး ယေရှုဟာ အဲဒါတွေအားလုံးကို ပြည့်စုံစေခဲ့ပါတယ်။
ဒုတိယပိုင်းကို ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ ဒါကလည်း ယေရှုရဲ့တပည့်တော်တွေနဲ့ သူ့ရဲ့အသေခံခြင်း နောက်ပိုင်းမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေကို ရေးသားခဲ့သူတွေ ရေးခဲ့တဲ့ စာအုပ်စုစည်းမှုတစ်ခု ဖြစ်ပါတယ်။ ခရစ္စမတ်ဇာတ်လမ်းကို မဿဲနဲ့ လုကာဆိုတဲ့ စာရေးသူနှစ်ဦးက ရေးသားခဲ့ပါတယ်။ မဿဲဟာ ယေရှုကို ကိုယ်တိုင်သိကျွမ်းပြီး ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ ကွယ်လွန်ပြီးနောက် မကြာခင်မှာပဲ ထိုဇာတ်လမ်းတွေကို စုဆောင်းပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဓမ္မသစ်ကျမ်းထဲက တခြားစာအုပ်တွေကတော့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘယ်လိုအသက်ရှင်ရမလဲ၊ အနာဂတ်မှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။
စန်တာကလော့စ် (ခရစ္စမတ်ဖိုးဖိုး) က ဘယ်ကလဲ
မွေးဖွားတော်မူခန်းမှာ အရေးကြီးတဲ့ ခရစ္စမတ်ဇာတ်ကောင်တစ်ဦး ပျောက်ဆုံးနေပုံရပါတယ်- စန်တာကလော့စ်ပေါ့! အကြောင်းကတော့ စန်တာကလော့စ်ဟာ မူလခရစ္စမတ်ဇာတ်လမ်းနဲ့ ဘာမှမသက်ဆိုင်လို့ပါပဲ။ စန်တာကလော့စ်ရဲ့ ဇာတ်လမ်းဟာ တကယ်တော့ နယ်သာလန်နိုင်ငံကနေ အစပြုခဲ့တာပါ။ စန်တာကလော့စ်ဟာ သင်ခန့်မှန်းမိမှာပါ - စင်တာကလော့စ် (Sinterklaas) ရဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဒတ်ခ်ျလူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေက ဒီဓလေ့ကို အမေရိကကို ယူဆောင်သွားခဲ့ကြပြီး ခရစ္စမတ်မှာ လက်ဆောင်ပေးတဲ့ ဂျာမန်ဓလေ့တွေနဲ့ ရောနှောသွားခဲ့ပါတယ်။
ထို့အပြင် ခရစ္စမတ်သစ်ပင်ဟာလည်း ခရစ္စမတ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒီဇင်ဘာလမှာ သစ်ပင်တစ်ပင်ကိုထောင်ပြီး အလှဆင်တဲ့အလေ့အထဟာ ရှေးဂျာမန်ပွဲတော်တွေကနေ စတင်အမြစ်တွယ်လာတာ ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် ခရစ်ယာန်တွေက ခရစ္စမတ်သစ်ပင်ကို ခရစ္စမတ်နဲ့ မသက်ဆိုင်တဲ့အတွက် တားမြစ်ခဲ့ကြဖူးပါတယ်။
မွေးဖွားတော်မူခန်းကို ဘယ်သူက ပထမဆုံး ပြန်လည်သရုပ်ဖော်ခဲ့သလဲ
ဇာတ်ကောင်အားလုံးကို ဆွေးနွေးပြီးတဲ့နောက်၊ ယေရှုမွေးဖွားခြင်းမြင်ကွင်းကို ပြန်လည်ဖန်တီးတဲ့ အတွေးအခေါ်က ဘယ်ကစလာသလဲဆိုတာ သင် သိချင်နေမှာပါ။ မွေးဖွားတော်မူခန်းအကြောင်း ပထမဆုံးဖော်ပြချက်ကို ယေရှုမွေးဖွားပြီး အချိန်အတော်ကြာ ၁၂၂၃ ခုနှစ်မှာမှ တွေ့ရပါတယ်။ အဲဒီအချိန်က အရေးပါတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိန့်ဖရန်စစ်အာစီစီ (Francis of Assisi) က အီတလီနိုင်ငံက မြို့တစ်မြို့မှာ သက်ရှိမွေးဖွားတော်မူခန်းကို ပထမဆုံး စီစဉ်ခဲ့ပါတယ်။
အဲဒီမတိုင်ခင်ကတော့ ခရစ္စမတ်ကာလအတွင်း နွားစားခွက်ကို တစ်ခါတစ်ရံ ပြင်ဆင်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ ခရစ္စမတ်ဇာတ်လမ်းကို ဒီလိုနည်းနဲ့ ပြန်လည်သရုပ်ဖော်တာမျိုး မလုပ်ခဲ့ဖူးပါဘူး။ စိန့်ဖရန်စစ်အာစီစီဟာ ဇာတ်လမ်းရဲ့ လူသားဆန်တဲ့ဘက်ခြမ်းနဲ့ပတ်သက်ပြီး လူတွေကို ပိုမိုခံစားစေချင်ခဲ့ပါတယ်။ ရွာက တောင်သူလယ်သမား ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးက ယောသပ်နဲ့ မာရိအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။ သူက ကြည့်ရှုသူတွေဟာ ရိုးရှင်းမှုနဲ့ နှိမ့်ချမှုကို မြင်ပြီး စိတ်အားတက်ကြွလာမယ်လို့ မျှော်လင့်ခဲ့ပါတယ်။
လူတွေက ဒီမြင်ကွင်းကို အရမ်းထူးခြားတယ်လို့ ယူဆကြပြီး ဇာတ်လမ်းနဲ့ ခရစ္စမတ်နောက်ကွယ်က အတွေးအခေါ်ကို အမှတ်ရစေဖို့ ပြန်လည်ပြုလုပ်လာကြပါတယ်။
ဘာကြောင့် ကျွန်ုပ်တို့ ဒီနေ့အထိ ခရစ္စမတ်ကို ကျင်းပနေကြတာလဲ
ကျန်ရှိနေတဲ့ အကြီးမားဆုံးမေးခွန်းကတော့- ဘာကြောင့် လူတွေဟာ နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ဒီနေ့အထိ ခရစ္စမတ်ကို ကျင်းပနေကြတာလဲ။ ခရစ်ယာန်တွေအတွက် ယေရှုဟာ သူတို့ရဲ့ယုံကြည်ခြင်းမှာ အရေးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့မွေးဖွားခြင်းဟာ ပျော်ရွှင်စရာအခါသမယတစ်ခုပါ။ သူတို့က ယေရှုဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်ပြီး ဘုရားသခင်က လူတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြသဖို့ ကမ္ဘာမြေကို စေလွှတ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ အရေးမကြီးတဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိပေမဲ့ အရေးကြီးတာက ခရစ္စမတ်နောက်ကွယ်က သတင်းစကားပါပဲ။ အမြဲတမ်း အလှမ်းဝေးတယ်လို့ ထင်ရတဲ့ ဘုရားသခင်ဟာ အခုတော့ အားနွဲ့တဲ့ ကလေးငယ်လေးတစ်ဦး ဖြစ်ဆင်းသက်လာခဲ့ပါပြီး
“သူ၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်။”
“ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။”
(မဿဲ ၁:၂၃ - JBMLE)
ဘုရားသခင်ဟာ ဘယ်တုန်းကမှ ဒီလောက် လူသားများနဲ့ နီးကပ်ခဲ့ဖူးခြင်းမရှိပါဘူး။ ခရစ္စမတ်ဟာ မျှော်လင့်ခြင်းနဲ့ မေတ္တာတရားရဲ့ ပွဲတော်တစ်ခုပါ။ ယေရှုဟာ သူ့နာမည်ရဲ့အဓိပ္ပာယ် "ဘုရားသခင် ကယ်တင်တော်မူ၏" ဆိုတာကို ပြည့်စုံစေဖို့ ကြွလာခဲ့တာပါ။
ခရစ္စမတ်ဆိုတာ အစပဲရှိပါသေးတယ်။ ခရစ်ယာန်ပြက္ခဒိန်ပေါ်က ပထမဆုံးပွဲတော်ပေါ့။ ဒီနောက်မှာ အီစတာ၊ တက်ကြွခြင်းပွဲတော်နဲ့ ပင်တေကုတ္တေပွဲတော်လို အရေးကြီးတဲ့ပွဲတော်တွေ လိုက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်တောယေရှုဟာ အမြဲတမ်း ငယ်ရွယ် မနေခဲ့ပါဘူး၊ သူ့ရဲ့မွေးဖွားခြင်းဟာ သူ့ရဲ့ဝင်ရောက်လာခြင်းမျှသာ ဖြစ်ပါတယ်။ သူဟာ ရှင်းလင်းတဲ့တာဝန်တစ်ခုနဲ့အတူ ရင့်ကျက်တဲ့လူသားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီတာဝန်အတွက် သူဟာ နောက်ဆုံးမှာ အသက်နဲ့ ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒါကတော့ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပါပြီ။
This is the title...
Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it to make a type specimen book.