သင့်ကို လမ်းပြသော အဖ
မိတ်ဆွေ ရေ…
မိဘတစ်ယောက်ရဲ့ တာဝန်က သားသမီးတွေကို ပြုစုပျိုးထောင်ပေးဖို့၊ လမ်းညွှန်ပေးဖို့၊ ဆုံးမသွန်သင်ပေးဖို့နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးဖို့ ဖြစ်ပါတယ်။
ဒီလိုပဲ သင့်ကို ချစ်တော်မူတဲ့ အဖဘုရားသခင်ကလည်း သင့်ကို သွန်သင်လမ်းပြပေးလိုပြီး သင်လျှောက်လှမ်းရမယ့် လမ်းကို သူကိုယ်တိုင် ပြသပေးချင်သော ဘုရား ဖြစ်ပါတယ် ။
“အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။” တရားဟောရာ 8:5
ဒါလေးကို စဉ်းစားကြည့်ရအောင် !
အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ဆယ်ကျော်သက် အရွယ် လူငယ်တစ်ယောက်ဟာ နားလည်ဖို့လိုအပ်တဲ့ သင်ခန်းစာတွေ မတူညီကြပါဘူး။ အသက်အရွယ်နဲ့ ကြုံတွေ့နေရတဲ့ အခြေအနေအလိုက် သူတို့ရဲ့ လိုအပ်ချက်တွေလည်း ကွဲပြားကြပါတယ်။
ဒီလိုပဲ ဘုရားသခင်ဟာ သင့်ဘဝရဲ့ လက်ရှိအခြေအနေကို အပြည့်အဝ သိပါတယ်။ သင်ဟာ ပျော်ရွှင်နေတဲ့ အချိန် ဖြစ်စေ ၊ သံသယနဲ့ ကြောက်ရွံ့ခြင်းတွေကြားမှာ ရုန်းကန်နေရချိန်ဖြစ်စေ သင့်အတွက် ဘာလိုအပ်တယ်ဆိုတာကို အဖဘုရား သိတော်မူပါတယ်။
သူလမ်းပြလိုပါတယ် ။ သူသင်ပေးချင်ပါတယ် ။ သို့သော် သင်ကိုယ်တိုင်ကတော့ ဘုရားသခင်နဲ့ တွေ့ဆုံပြီး အချိန်ယူဖို့ လိုအပ်ပါလိမ့်မယ် ။
နှုတ်ကပတ်တော်ကလည်း ဘုရားသခင်ရဲ့ စကားတော်များ ဖြစ်တဲ့ အတွက် သင့်ကို လမ်းပြပေးဖို့ အဆင်သင့်ရှိနေပါတယ် ။ နှုတ်ကပါတ်တော်ကို ဖတ်ရှုဆင်ခြင်တဲ့အခါ သင်ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဥာဏ်ပညာ နဲ့ နည်းလမ်းတွေကို ရရှိနိုင်ပါတယ်။ ဘုရားသခင်ဟာ သင့်အကြောင်းကို အရာအားလုံး သိတော်မူပြီး အနာဂတ်ကိုလည်း ကြိုတင်သိမြင်တော်မူတဲ့အတွက် အခြားသူတွေထက် ပိုမိုပြည့်စုံစွာ လမ်းညွှန်ပေးနိုင်ပါတယ်။
မိတ်ဆွေ ရေ… ဒီနေ့မှာ ဘုရားသခင်နဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ဖို့ အခုပဲ ဘုရားသခင်ဆီ တိုးဝင်ကြရအောင် ။
အတူတကွ ဆုတောင်းကြပါစို့။
ချစ်သော အဖဘုရားရှင် …
ကျွန်ုပ်၏ဘဝကို အမြဲဂရုစိုက်ပြီး လမ်းပြပေးတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ နေ့စဉ် ကိုယ်တော်နှင့် သီးသန့်တွေ့ဆုံရန်၊ နှုတ်ကပတ်တော်မှတစ်ဆင့် ကိုယ်တော်၏သွန်သင်လမ်းညွှန်မှုကို ခံယူရန် ကူညီတော်မူပါ။ ကျွန်ုပ်၏အခြေအနေတိုင်းတွင် ကိုယ်တော်ကို ယုံကြည်ကိုးစားပြီး ကိုယ်တော် လမ်းပြတဲ့ အတိုင်း လိုက်လျှောက်နိုင်ဖို့ ခွန်အားပေးတော်မူပါ ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။