• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၀ နို ၂၀၂၆

ရှေ့လမ်းကို မမြင်ရသေးတဲ့အခါ ဘယ်လိုဆက်လျှောက်မလဲ? 🌿

ထုတ်ဝေသည့်ရက်စွဲ ၂၀ နို ၂၀၂၆

မိတ်ဆွေ ရေ… သင့်ဘဝမှာ ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့တဲ့အချိန်တွေ ရှိဖူးပါသလား?

အလုပ်တစ်ခုကို ဆက်လုပ်သင့်လား၊ ပြောင်းသင့်လား?

နေရာတစ်ခုမှာ ဆက်နေသင့်လား၊ တခြားနေရာကို ပြောင်းသင့်လား?

ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရင် မှားသွားမလား?

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်တစ်ခု မချခင် အရာအားလုံးကို သေချာသိချင်ကြပါတယ်။

ဘာဖြစ်လာမလဲဆိုတာ သိချင်တယ်။

အောင်မြင်မလားဆိုတာ သိချင်တယ်။

နောင်တရစရာ ဖြစ်လာမလားဆိုတာလည်း ကြိုသိချင်တယ်။

ဒါပေမဲ့ ဘဝမှာ ဆုံးဖြတ်ချက်တိုင်းအတွက် အဖြေအားလုံးကို ကြိုသိနိုင်မှာ မဟုတ်ပါဘူး။

အဲ့ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတတ်ပါတယ်။

“ဘုရားသခင်… ကိုယ်တော် ဘယ်လမ်းကို သွားစေချင်တာလဲ?”

သမ္မာကျမ်းစာမှာ—

“ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။” သုတ္တံ‬ ‭3‬:‭5‬-‭6‬ ‭လို့ ဆိုထားပါတယ်။

ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါ အရေးကြီးတဲ့အရာတစ်ခုကို တွေ့ရပါတယ်။

ဘုရားသခင်ကို ကိုးစားဖို့ သွန်သင်ထားသလို ကိုယ်တော်ကို သွားလေရာရာ၌ မျက်မှောက်ပြုဖို့လည်း သွန်သင်ထားပါတယ်။

တစ်နည်းအားဖြင့် ဘုရားသခင်ကို ကိုးစားခြင်းဆိုတာ ဆုံးဖြတ်ချက်တွေ မချတော့ဘဲ စောင့်နေခြင်း မဟုတ်ပါဘူး။

ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ်တော်ရဲ့ ဉာဏ်ပညာနဲ့ အလိုတော်ကို ဦးစားပေးခြင်းပါ။

မိတ်ဆွေ ရေ…

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လမ်းပြမှုကို အံ့ဩဖွယ်နိမိတ်လက္ခဏာတစ်ခုအဖြစ်ပဲ မျှော်လင့်နေတတ်ပါတယ်။

အိပ်မက်တစ်ခု မြင်ရမယ်။

တစ်ယောက်ယောက်က တိတိကျကျ လာပြောရမယ်။

စိတ်ထဲမှာ လုံးဝသေချာသွားတဲ့အထိ စောင့်ရမယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်တော်တို့ဟာ နှုတ်ကပတ်တော်၊ ဆုတောင်းခြင်း၊ ဉာဏ်ပညာရှိတဲ့ အကြံဉာဏ်တွေနဲ့ အခြေအနေတွေကို သေချာဆန်းစစ်ခြင်းကတစ်ဆင့်လည်း ရှာဖွေနိုင်ပါတယ်။

ကိုယ်တော်ကို ကိုးစားတယ်ဆိုတာ စဉ်းစားဆင်ခြင်ခြင်းကို ရပ်တန့်လိုက်တာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ နားလည်နိုင်စွမ်းမှာ အကန့်အသတ်ရှိကြောင်း ဝန်ခံပြီး ဘုရားသခင်ရဲ့ ဉာဏ်ပညာကို ရှာဖွေခြင်းပါ။

ဒီနေ့ သင်ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုရှေ့မှာ ရပ်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းသုံးခု မေးကြည့်ပါ။

“ဒီဆုံးဖြတ်ချက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ကိုက်ညီရဲ့လား?”

“ယုံကြည်စိတ်ချရတဲ့သူတွေဆီက အကြံဉာဏ်ယူပြီးပြီလား?”

“ကြောက်ရွံ့မှုတစ်ခုတည်းကြောင့် ဆုံးဖြတ်နေတာလား၊ ဒါမှမဟုတ် သေချာဆန်းစစ်ပြီး ဆုံးဖြတ်နေတာလား?”

မိတ်ဆွေ ရေ…

ဘုရားသခင်ကို ကိုးစားခြင်းဟာ ကိုယ်ချတဲ့ ဆုံးဖြတ်ချက်တိုင်း အောင်မြင်မယ်လို့ အာမခံတာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးမှာမဆို ဘုရားသခင်ရဲ့ အလိုတော်ကို ရှာဖွေပြီး သစ္စာရှိစွာ အသက်ရှင်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ လမ်းတစ်လျှောက်လုံးကို မြင်ချင်ကြပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ နောက်တစ်လှမ်းအတွက် လိုအပ်တဲ့ ဉာဏ်ပညာကို ရှာဖွေဖို့ပဲ ဖြစ်နိုင်ပါတယ်။

“Do the Next Thing right”

ရှေ့လမ်းတစ်ခုလုံးကို မမြင်ရသေးတာက ဒီနေ့ မှန်ကန်တဲ့ခြေလှမ်းတစ်လှမ်းကို မလှမ်းနိုင်ဘူးလို့ မဆိုလိုပါဘူး။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… ကျွန်ုပ်ရဲ့ အနာဂတ်အတွက် မသေချာတဲ့အရာတွေ ရှိပါတယ်။ တစ်ခါတစ်ရံ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိမှာ ကြောက်ရွံ့နေတတ်ပါတယ်။ ကျွန်ုပ်ရဲ့ ကိုယ်ပိုင်နားလည်မှုကိုသာ အားကိုးမနေဘဲ ကိုယ်တော်ရဲ့ ဉာဏ်ပညာကို ရှာဖွေနိုင်ဖို့ ကူညီပေးတော်မူပါ။ နှုတ်ကပတ်တော်နဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့၊ အကြံဉာဏ်ကောင်းတွေကို နားထောင်နိုင်ဖို့နဲ့ ဒီနေ့ လုပ်ဆောင်သင့်တဲ့အရာကို သစ္စာရှိစွာ လုပ်ဆောင်နိုင်ဖို့ လမ်းပြပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။