• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၈ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခုခုကို စောင့်နေရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ သင်သိပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၁၈ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခုခုကို စောင့်နေရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ သင်သိပါသလား?

အလုပ်လျှောက်ထားပြီး အကြောင်းပြန်လာမယ့်နေ့ကို စောင့်နေတယ်။

ဆေးစစ်ချက်ရလဒ်ကို စောင့်နေတယ်။

မိသားစုထဲက ပြဿနာတစ်ခု ပြေလည်လာမယ့်နေ့ကို စောင့်နေတယ်။

တစ်ခါတစ်ရံ ဘုရားသခင်ထံ ဆုတောင်းထားတဲ့အရာတစ်ခု ပြည့်စုံလာဖို့ နှစ်ပေါင်းများစွာ စောင့်နေရတာလည်း ရှိပါတယ်။

အစပိုင်းမှာတော့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ခဲ့တယ်။

ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ စိတ်ပင်ပန်းလာတတ်ပါတယ်။

“ငါ ဘယ်လောက်ထိ ဆက်စောင့်ရဦးမှာလဲ?”

“ဒီလိုပဲ စောင့်နေရင်း ငါ့ဘဝရဲ့ အချိန်တွေ ကုန်ဆုံးသွားတော့မှာလား?”

မိတ်ဆွေ ရေ… စောင့်ဆိုင်းခြင်းရဲ့ အခက်ခဲဆုံးအရာက အချိန်ကြာတာတစ်ခုတည်း မဟုတ်ပါဘူး။

ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ မသိရခြင်းလည်းပါပါတယ်။

ဆာလံ ၂၇:၁၄ မှာ ဒါဝိဒ်က 

“ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။” ဆာလံ 27:14

လို့ တိုက်တွန်းထားပါတယ်။

ဒီစကားတွေကို ပြောခဲ့တဲ့ ဒါဝိဒ်ဟာ အခက်အခဲမရှိတဲ့သူ မဟုတ်ပါဘူး။

ဆာလံ ၂၇ တစ်ခုလုံးကို ဖတ်ကြည့်တဲ့အခါ ရန်သူတွေ၊ ကြောက်ရွံ့စရာတွေနဲ့ ရင်ဆိုင်နေရတဲ့သူတစ်ယောက်ရဲ့ ဆုတောင်းသံကို တွေ့ရပါတယ်။

ဒါပေမဲ့ အဲ့ဒီအခြေအနေတွေကြားမှာ သူဟာ ဘုရားသခင်ကို ဆက်လက်စောင့်မျှော်ဖို့ သူ့စိတ်နှလုံးကို တိုက်တွန်းခဲ့ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့အရာတစ်ခု ရှိပါတယ်။

ဘုရားသခင်ကို စောင့်မျှော်ခြင်းဆိုတာ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေခြင်း မဟုတ်ပါဘူး။

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အဖြေကို စောင့်နေတယ်ဆိုပြီး ဒီနေ့ လုပ်ဆောင်သင့်တဲ့အရာတွေကို ရပ်တန့်ထားမိတတ်ပါတယ်။

အလုပ်အသစ်ရဖို့ ဆုတောင်းနေပေမဲ့ အလုပ်လျှောက်ဖို့ မကြိုးစားတော့ဘူး။

ဆက်ဆံရေးတစ်ခု ပြန်ကောင်းလာဖို့ ဆုတောင်းနေပေမဲ့ ကိုယ့်ဘက်က တောင်းပန်ဖို့ မကြိုးစားတော့ဘူး။

အနာဂတ်အတွက် လမ်းပြပေးဖို့ ဆုတောင်းနေပေမဲ့ ဒီနေ့ ကိုယ်လုပ်သင့်တဲ့ တာဝန်တွေကို လျစ်လျူရှုထားမိတတ်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ တာဝန်ယူလုပ်ဆောင်ခြင်းဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး။

မိတ်ဆွေ ရေ…

သင်စောင့်နေတဲ့အရာအတွက် ဒီနေ့ လုပ်နိုင်တဲ့အရာတစ်ခု ရှိနေသေးရင် အဲ့ဒီအရာကို သစ္စာရှိစွာ လုပ်ဆောင်ပါ။

လုပ်နိုင်သမျှ လုပ်ဆောင်ပြီးပြီဆိုရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ ဘုရားသခင်ထံ ဆက်လက်အပ်နှံပါ။

စောင့်ဆိုင်းနေတဲ့ကာလဟာ အမြဲလွယ်ကူမှာ မဟုတ်ပါဘူး။

တစ်ခါတစ်ရံ ပင်ပန်းမယ်။

တစ်ခါတစ်ရံ စိတ်ပျက်မယ်။

တစ်ခါတစ်ရံ ဘယ်လောက်ကြာဦးမလဲဆိုတာ မသိနိုင်ဘူး။

ဒါပေမဲ့ စောင့်နေရတဲ့အချိန်မှာတောင် ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့အတူ ဒီနေ့ကို အဓိပ္ပာယ်ရှိစွာ အသက်ရှင်နိုင်ပါတယ်။

ဒီနေ့ သင့်ကို မေးချင်ပါတယ်။

“သင်စောင့်နေတဲ့အရာတစ်ခုကြောင့် ဒီနေ့ လုပ်ဆောင်သင့်တဲ့အရာတွေကို ရပ်တန့်ထားမိပြီလား?”

အဖြေမရသေးတဲ့ ဆုတောင်းချက်တစ်ခုကြောင့် သင့်ရဲ့ အသက်တာတစ်ခုလုံးကို ရပ်တန့်မထားလိုက်ပါနဲ့။

မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပေမဲ့ ဒီနေ့မှာ သစ္စာရှိစွာ အသက်ရှင်နိုင်ပါတယ်။

သင်စောင့်နေတဲ့အရာ မရသေးတာက ဒီနေ့ သင့်အသက်တာမှာ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိတော့ဘူးလို့ မဆိုလိုပါဘူး။

မိတ်ဆွေ ရေ… ဘုရားသခင်ရဲ့ အဖြေကို စောင့်နေစဉ်မှာပဲ ဘုရားသခင်နဲ့အတူ ဆက်လက်လျှောက်လှမ်းကြရအောင်။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… ကျွန်ုပ် စောင့်ဆိုင်းနေရတဲ့အရာတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ဘယ်လောက်ကြာဦးမလဲဆိုတာ မသိရလို့ စိတ်ပင်ပန်းမိပါတယ်။ စောင့်ဆိုင်းနေတဲ့အချိန်မှာ စိတ်ပျက်အားလျော့မသွားဖို့ ခွန်အားပေးတော်မူပါ။ ဒီနေ့ ကျွန်ုပ်လုပ်ဆောင်သင့်တဲ့အရာတွေကို သိမြင်နိုင်ဖို့ ဉာဏ်ပညာပေးတော်မူပါ။ မထိန်းချုပ်နိုင်တဲ့အရာတွေကို ကိုယ်တော်ထံ အပ်နှံပြီး သစ္စာရှိစွာ ဆက်လက်အသက်ရှင်နိုင်ဖို့ ကူညီပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။