• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၇ နို ၂၀၂၆

ဘုရားသခင် သင့်ကို မေ့သွားပြီလား? 💔

ထုတ်ဝေသည့်ရက်စွဲ ၁၇ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ လူတွေအများကြီးကြားမှာ နေထိုင်နေပေမဲ့ ကိုယ့်ကို ဘယ်သူမှ သတိမရတော့သလို ခံစားရတတ်ပါတယ်။

ကိုယ်အခက်အခဲကြုံနေတဲ့အချိန်မှာ ဘယ်သူမှ ဖုန်းမဆက်ဘူး။

ကိုယ်ပင်ပန်းနေတာကို ဘယ်သူမှ သတိမထားမိဘူး။

ကိုယ်ဘယ်လောက်ကြိုးစားနေသလဲဆိုတာလည်း ဘယ်သူမှ မမြင်ကြဘူး။

အဲ့ဒီလိုအချိန်တွေမှာ စိတ်ထဲကနေ မေးမိတတ်ပါတယ်။

“ငါ့ကို တကယ်ဂရုစိုက်တဲ့သူ ရှိသေးရဲ့လား?”

တစ်ခါတစ်ရံ အဲ့ဒီမေးခွန်းကို ဘုရားသခင်အပေါ်မှာတောင် မေးမိတတ်ပါတယ်။

“ဘုရားသခင်… ကိုယ်တော် ကျွန်တော့်ကို မေ့သွားပြီလား?”

မိတ်ဆွေ ရေ… ဒီလိုခံစားခဲ့ရတာလည်း သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ဟေရှာယ ၄၉:၁၄ မှာ “ဇိ​အုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စွန့်​ပစ်​တော်​မူ​ပြီ။ ဘု​ရား​ရှင်​သည် ငါ့​ကို​မေ့​လျော့​တော်​မူ​ပြီ​ဟု ဆို​လေ​သော်၊” ဟေရှာယ 49:14

လို့ ညည်းတွားခဲ့ပါတယ်။

ဒါပေမဲ့ ဘုရားသခင်က အံ့ဩစရာကောင်းတဲ့ ပုံဥပမာတစ်ခုနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မိခင်တစ်ယောက်ဟာ သူ့ရဲ့ နို့စို့ကလေးကို မေ့နိုင်ပါ့မလားလို့ မေးတော်မူခဲ့ပါတယ်။

ပြီးတော့ မိခင်တစ်ယောက်က မေ့သွားနိုင်ရင်တောင် ကိုယ်တော်က မမေ့ဘူးလို့ မိန့်တော်မူခဲ့ပါတယ်။

ဟေရှာယ ၄၉:၁၆ မှာတော့ 

“ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။” ဟေရှာယ 49:16 

လို့ ဖော်ပြထားပါတယ်။

စဉ်းစားကြည့်ပါ။

ဘုရားသခင်ရဲ့ လူတွေက သူတို့ကို မေ့သွားပြီလို့ ခံစားနေကြတယ်။

ဒါပေမဲ့ ဘုရားသခင်က သူတို့ကို မမေ့ဘူးလို့ ပြန်လည်အာမခံနေပါတယ်။

သူတို့ရဲ့ ခံစားချက်နဲ့ ဘုရားသခင်ရဲ့ ကတိတော်ဟာ မတူညီနေခဲ့တာပါ။

မိတ်ဆွေ ရေ…

တစ်ခါတစ်ရံ ကျွန်တော်တို့လည်း အဲ့ဒီလိုပါပဲ။

ဘုရားသခင်ကို မခံစားရတဲ့အခါ ကိုယ်တော် မရှိတော့ဘူးလို့ ထင်မိတတ်တယ်။

ဆုတောင်းချက် အဖြေမရသေးတဲ့အခါ ဘုရားသခင် ဂရုမစိုက်တော့ဘူးလို့ တွေးမိတတ်တယ်။

အခက်အခဲတွေ ကြာရှည်လာတဲ့အခါ ဘုရားသခင် ကျွန်တော်တို့ကို မေ့သွားပြီလို့ ခံစားမိတတ်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့ သစ္စာရှိခြင်းကို ကျွန်တော်တို့ရဲ့ ခံစားချက်တစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။

ဟေရှာယကျမ်းထဲမှာ ဘုရားသခင်က သူ့လူတွေကို မမေ့ကြောင်း အာမခံခဲ့သလို ယေရှုခရစ်တော်အားဖြင့်လည်း ကျွန်တော်တို့အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ထင်ရှားစေခဲ့ပါတယ်။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ အမြဲခံစားနိုင်မှ ရှိနေတဲ့အရာ မဟုတ်ပါဘူး။

ဒီနေ့ သင်ဟာ ဘယ်သူမှ သတိမထားမိတဲ့နေရာမှာ တိတ်တဆိတ် ရုန်းကန်နေရတာ ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ မျက်ရည်တွေကို ဘယ်သူမှ မမြင်တာ ဖြစ်နိုင်ပါတယ်။

သင်ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ဘယ်သူမှ နားမလည်တာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ လူတွေ မမြင်နိုင်တဲ့အရာတွေကို ဘုရားသခင် သိတော်မူပါတယ်။

ဒီနေ့ သင့်ကို မေးချင်ပါတယ်။

“ဘုရားသခင်က သင့်ကို မေ့သွားပြီလို့ ခံစားနေရတာလား? ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကတိတော်ကို ပြန်သတိရဖို့ လိုနေတာလား?”

ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ မလိုပါဘူး။

ဒါပေမဲ့ အဲ့ဒီခံစားချက်တွေကို ဘုရားသခင်ရဲ့ သမ္မာတရားထက် ပိုပြီး အာဏာမပေးလိုက်ပါနဲ့။

မိတ်ဆွေ ရေ… သင့်ဘဝရဲ့ အခြေအနေတွေ အခုထိ မပြောင်းလဲသေးရင်တောင် ဒါလေးကို သတိရပါ။

ဘုရားသခင်ကို သင် မခံစားရတဲ့နေ့တွေမှာတောင် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ ပျောက်ကွယ်မသွားပါဘူး။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… တစ်ခါတစ်ရံ ကျွန်ုပ်ကို ဘယ်သူမှ သတိမထားမိတော့သလို ခံစားရပါတယ်။ ကိုယ်တော်တောင် ကျွန်ုပ်ကို မေ့သွားပြီလားလို့ တွေးမိတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်ရဲ့ ခံစားချက်တွေအပေါ် မမူတည်ကြောင်း သတိရစေတော်မူပါ။ အခက်အခဲတွေကြားမှာ ကိုယ်တော်ရဲ့ ကတိတော်တွေကို ဆက်လက်ကိုးစားနိုင်ဖို့ ကူညီပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။