• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၃ နို ၂၀၂၆

လူတွေ သင့်အကြောင်း ဘယ်လိုထင်မလဲဆိုတာ ကြောက်နေသလား? 💭

ထုတ်ဝေသည့်ရက်စွဲ ၁၃ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို မလုပ်ဖြစ်တာ အဲ့ဒီအရာက မှားနေလို့ မဟုတ်ပါဘူး။

လူတွေ ဘယ်လိုထင်မလဲဆိုတာ ကြောက်နေလို့ပါ။

“ငါ ဒီလိုလုပ်လိုက်ရင် သူတို့ ဘာပြောကြမလဲ?”

“ငါ့ကို မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲ?”

“ငါ့အကြောင်း မကောင်းပြောကြရင်ရော?”

ဒီလိုအတွေးတွေကြောင့် ကိုယ်ပြောသင့်တဲ့စကားကို မပြောရဲတာ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို မချရဲတာမျိုး ကြုံဖူးပါသလား?

တစ်ခါတစ်ရံ လူတွေရဲ့ လက်ခံမှုကို လိုချင်လွန်းတဲ့အခါ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် သူတို့ရဲ့ အမြင်တွေအပေါ် မူတည်ပြီး ချနေမိတတ်ပါတယ်။

လူတွေ သဘောကျရင် ပျော်တယ်။

လူတွေ ဝေဖန်ရင် စိတ်ပျက်တယ်။

လူတွေ ချီးကျူးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်။

လူတွေ လက်မခံရင် ကိုယ့်ကိုယ်ကိုတောင် သံသယဝင်လာတယ်။

အဲ့ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်အသက်တာရဲ့ ဆုံးဖြတ်ချက်တွေကို လူတွေရဲ့ အမြင်တွေက ထိန်းချုပ်လာတတ်ပါတယ်။

သမ္မာကျမ်းစာက

“လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။” ‭‭သုတ္တံ‬ ‭29‬:‭25‬ ‭ လို့ ဆိုထားပါတယ်။

ဒီကျမ်းပိုဒ်မှာ လူကို ကြောက်ရွံ့ခြင်းကို “ကျော့ကွင်း” နဲ့ နှိုင်းယှဉ်ထားပါတယ်။

ကျော့ကွင်းဆိုတာ တစ်စုံတစ်ခုကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အရာပါ။

အဲ့ဒီလိုပဲ လူတွေ ဘယ်လိုထင်မလဲဆိုတာကို အလွန်အမင်း ကြောက်ရွံ့နေတဲ့အခါ ကျွန်တော်တို့ရဲ့ အသက်တာမှာ လုပ်သင့်တဲ့အရာတွေကိုတောင် မလုပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

မိတ်ဆွေ ရေ…

ဒီနေရာမှာ တစ်ခုတော့ ခွဲခြားဖို့ လိုပါတယ်။

လူတွေရဲ့ အကြံဉာဏ်ကို နားထောင်တာနဲ့ လူတွေရဲ့ အမြင်ကို ကြောက်ရွံ့ပြီး အသက်ရှင်တာ မတူပါဘူး။

ကျွန်တော်တို့အားလုံး အကြံဉာဏ်ကောင်းတွေ လိုအပ်ပါတယ်။

တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို မမြင်နိုင်တဲ့ အမှားတွေကို တခြားသူတွေက ထောက်ပြပေးနိုင်ပါတယ်။

ဒါပေမဲ့ လူတိုင်းရဲ့ သဘောကျမှုကို ရဖို့ ကြိုးစားနေရမယ်လို့တော့ မဆိုလိုပါဘူး။

ဘာလို့လဲဆိုတော့ လူတိုင်းကို ကျေနပ်အောင် လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့ပါ။

တစ်ယောက်က သင့်ဆုံးဖြတ်ချက်ကို သဘောကျနိုင်ပေမဲ့ နောက်တစ်ယောက်က သဘောမကျနိုင်ပါဘူး။

လူတွေရဲ့ အမြင်တွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ အသက်တာကို လူတွေရဲ့ အမြင်တွေအပေါ်မှာပဲ မတည်ဆောက်သင့်ပါဘူး။

လူတွေ သင့်ကို သဘောကျဖို့ထက် ဘုရားသခင် နှစ်သက်တဲ့အတိုင်း အသက်ရှင်ဖို့က ပိုအရေးကြီးပါတယ်။

ဒါပေမဲ့ ဘုရားသခင် နှစ်သက်တဲ့အတိုင်း အသက်ရှင်တယ်ဆိုတာ လူတွေကို ဂရုမစိုက်တော့ဘူးလို့ မဆိုလိုပါဘူး။

လူတွေကို ချစ်ရမယ်။

လေးစားရမယ်။

အကြံဉာဏ်ကောင်းတွေကိုလည်း နားထောင်ရမယ်။

ဒါပေမဲ့ ကိုယ်မှန်တယ်လို့ သိထားတဲ့အရာကို လူတွေ မကြိုက်မှာကြောက်လို့ မစွန့်လွှတ်သင့်ပါဘူး။

ဒီနေ့ သင့်ကို မေးချင်ပါတယ်။

“လူတွေ ဘယ်လိုထင်မလဲဆိုတာ မကြောက်ဘူးဆိုရင် ဘုရားသခင် နှစ်သက်တဲ့ ဘယ်အရာကို သင် လုပ်ဆောင်မလဲ?”

တစ်ယောက်ယောက်ကို တောင်းပန်ဖို့ ဖြစ်နိုင်ပါတယ်။

အမှားတစ်ခုကို ရိုးရိုးသားသား ဝန်ခံဖို့ ဖြစ်နိုင်ပါတယ်။

မမှန်ကန်တဲ့အရာတစ်ခုကို ငြင်းပယ်ဖို့ ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် ကိုယ့်ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ ဖော်ပြဖို့ ဖြစ်နိုင်ပါတယ်။

မိတ်ဆွေ ရေ…

လူတွေ သင့်အကြောင်း ဘယ်လိုထင်မလဲဆိုတာကို သင် အမြဲထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဘုရားသခင်ရှေ့မှာ ဘယ်လိုအသက်ရှင်မလဲဆိုတာကိုတော့ သင် ရွေးချယ်နိုင်ပါတယ်။

လူတွေရဲ့ အမြင်တွေကို နားထောင်ပါ။ ဒါပေမဲ့ အဲ့ဒီအမြင်တွေကို သင့်အသက်တာရဲ့ အရှင်သခင် မဖြစ်စေပါနဲ့။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… တစ်ခါတစ်ရံ လူတွေ ကျွန်ုပ်အကြောင်း ဘယ်လိုထင်မလဲဆိုတာကို အလွန်အမင်း စိုးရိမ်မိတတ်ပါတယ်။ လူတွေရဲ့ လက်ခံမှုကို ရဖို့ ကြိုးစားနေရင်း ကိုယ်တော်နှစ်သက်တဲ့အရာတွေကို မလုပ်ရဲတဲ့အချိန်တွေလည်း ရှိပါတယ်။ အကြံဉာဏ်ကောင်းတွေကို နားထောင်တတ်တဲ့ နှိမ့်ချသောနှလုံးသားနဲ့အတူ ကိုယ်တော်ရဲ့ အလိုတော်ကို နာခံရဲတဲ့ သတ္တိကိုလည်း ပေးတော်မူပါ။ လူတွေရဲ့ အမြင်တွေအပေါ်မှာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ အမှန်တရားအပေါ်မှာ ကျွန်ုပ်ရဲ့ အသက်တာကို တည်ဆောက်နိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။