• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၀ နို ၂၀၂၆

ဘာမှမဖြစ်သေးဘဲ ဘာကြောင့် အဆိုးဆုံးကို တွေးနေမိတာလဲ? 

ထုတ်ဝေသည့်ရက်စွဲ ၁၀ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ မဖြစ်သေးတဲ့အရာတွေအတွက် ကြိုပြီး စိတ်ပူနေတတ်ကြပါတယ်။

အလုပ်မှာ ပြဿနာတစ်ခု ကြုံလာရင် “ငါ အလုပ်ပြုတ်သွားမလား?” လို့ တွေးမိတယ်။

တစ်ယောက်ယောက်က ဖုန်းမကိုင်တဲ့အခါ “တစ်ခုခုများ ဖြစ်သွားပြီလား?” လို့ စိုးရိမ်မိတယ်။

အနာဂတ်အတွက် မသေချာမှုတွေ ရှိလာတဲ့အခါ “ငါ့ဘဝ ဘယ်လိုဖြစ်သွားမလဲ?” ဆိုပြီး အဆိုးဆုံးအထိ တွေးမိတတ်ပါတယ်။

တကယ်တော့ အဲ့ဒီအရာတွေထဲက တစ်ခုမှ မဖြစ်သေးပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာတော့ ဖြစ်ပျက်နေသလို ခံစားနေရတတ်ပါတယ်။

အဲ့ဒီလိုနဲ့ မနက်ဖြန်အတွက် စိုးရိမ်နေရင်း ဒီနေ့ရဲ့ ငြိမ်သက်ခြင်းကို ဆုံးရှုံးနေမိတတ်ပါတယ်။

မိတ်ဆွေ ရေ… သင်လည်း ဒီလိုကြုံဖူးပါသလား?

ယေရှုက

“ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏။” ‭‭ရှင်မဿဲ‬ ‭6‬:‭34‬ ‭လို့ မိန့်တော်မူခဲ့ပါတယ်။

ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါ ကျွန်တော် သတိထားမိတဲ့အရာတစ်ခု ရှိပါတယ်။

ယေရှုက “မနက်ဖြန်မှာ ပြဿနာမရှိတော့ဘူး” လို့ မပြောခဲ့ပါဘူး။

“ဒီနေ့အတွက် ရင်ဆိုင်ရမယ့်အရာတွေ ရှိတယ်။ မနက်ဖြန်အတွက်လည်း ရှိနိုင်တယ်။ ဒါပေမဲ့ မနက်ဖြန်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဒီနေ့ကတည်းက ထမ်းမထားနဲ့” ဆိုတဲ့ သဘောကို သွန်သင်ခဲ့တာပါ။

တစ်ခါတစ်ရံ ကျွန်တော်တို့ကို ပင်ပန်းစေတာက တကယ်ကြုံနေရတဲ့ ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။

မဖြစ်သေးတဲ့ ပြဿနာတွေကိုပါ စိတ်ထဲမှာ ကြိုပြီး ရင်ဆိုင်နေရတာပါ။

စိုးရိမ်နေလို့ မနက်ဖြန်ရဲ့ ပြဿနာတွေကို ဒီနေ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

အဲ့ဒီအစား ဒီနေ့မှာ လုပ်နိုင်တဲ့အရာတွေကိုတောင် လုပ်ဖို့ အားမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ တစ်ခုတော့ ခွဲခြားဖို့ လိုပါတယ်။

အနာဂတ်အတွက် ပြင်ဆင်တာနဲ့ အနာဂတ်ကို ကြောက်ရွံ့ပြီး အသက်ရှင်တာ မတူပါဘူး။

ပြင်ဆင်ခြင်းက ဒီနေ့ လုပ်နိုင်တဲ့အရာကို လုပ်ဆောင်စေတယ်။

စိုးရိမ်ခြင်းကတော့ ကိုယ်မထိန်းချုပ်နိုင်သေးတဲ့အရာတွေကို ထပ်ခါထပ်ခါ တွေးနေစေတတ်ပါတယ်။

မိတ်ဆွေ ရေ…

ဒီနေ့ သင့်ကို မေးချင်ပါတယ်။

“သင် အခုစိုးရိမ်နေတဲ့အရာက တကယ်ဖြစ်နေတဲ့ ပြဿနာလား? ဒါမှမဟုတ် ဖြစ်လာနိုင်တယ်လို့ သင်တွေးနေတဲ့အရာလား?”

တကယ်ဖြစ်နေတဲ့ ပြဿနာဆိုရင် ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာနဲ့ ဒီနေ့ လုပ်နိုင်တဲ့အရာကို လုပ်ဆောင်ပါ။

မဖြစ်သေးတဲ့အရာဆိုရင် အဲ့ဒီအရာကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံဖို့ သင်ယူပါ။

စိုးရိမ်စိတ် ပြန်ပေါ်လာရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကိုယ်တော်ထံ ထပ်ပြီး ဆုတောင်းနိုင်ပါတယ်။

မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။

ဒါပေမဲ့ မနက်ဖြန်အတွက် ကြောက်ရွံ့နေရင်း ဒီနေ့ကို ဆုံးရှုံးနေဖို့ မလိုပါဘူး။

မနက်ဖြန်ရဲ့ ပြဿနာတွေကို ဒီနေ့ကတည်းက နှစ်ကြိမ် မခံစားပါနဲ့။

ဒီနေ့အတွက် လုပ်နိုင်တာကို လုပ်ပါ။ မထိန်းချုပ်နိုင်တဲ့အရာတွေကိုတော့ ဘုရားသခင်ထံ အပ်နှံပါ။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… မဖြစ်သေးတဲ့အရာတွေအတွက် ကြိုတင်စိုးရိမ်ပြီး ကျွန်ုပ်ရဲ့ စိတ်နှလုံး ပင်ပန်းနေတဲ့အချိန်တွေ ရှိပါတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်ုပ် မသိနိုင်ပေမဲ့ ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်ဖို့ ကူညီပေးတော်မူပါ။ ဒီနေ့ ကျွန်ုပ်လုပ်ဆောင်ရမယ့်အရာတွေကို ဉာဏ်ပညာနဲ့ လုပ်ဆောင်နိုင်ဖို့၊ မထိန်းချုပ်နိုင်တဲ့အရာတွေကိုတော့ ကိုယ်တော်ရဲ့ လက်ထဲ အပ်နှံနိုင်ဖို့ ကူညီပေးတော်မူပါ။ စိုးရိမ်ခြင်းတွေကြားမှာ ကိုယ်တော်ပေးတဲ့ ငြိမ်သက်ခြင်းကို ခံစားနိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။