ဘုန်းအသရေရဲ့ ရှင်ဘုရင်ဟာ ဘယ်သူလဲ ?
ဒီနေ့မှာမေးခွန်းလေးတစ်ခုမေးခြင်းအားဖြင့် အစပြုချင်ပါတယ် ။
ဘုန်းအသရေနဲ့ ပြည့်စုံတော်မူတဲ့ ရှင်ဘုရင်ဟာ ဘယ်သူဖြစ်ပါသလဲ ?
ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …
“ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူသတည်း။” ဆာလံ 24:10
မိတ်ဆွေ ရေ…
ယေရှုခရစ်တော်ဟာ ကောင်းကင်နဲ့ မြေကြီးပေါ်မှာ အခွင့် အာဏာရှိသမျှကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ပါတယ်။ ကိုယ်တော်နဲ့ တူညီတဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ကိုယ်တော်ဟာ တန်ခိုးကြီးတော်မူပြီး အသက်ရှင်တော်မူတဲ့ ဘုရားသခင် ဖြစ်ပါတယ်။
ကိုယ်တော်ကို ပိုမိုနားလည်ဖို့ ကျွန်မတို့ရဲ့ အသက်တာ တစ်ခုလုံးကို ပေးဆပ်ရင်တောင် ကိုယ်တော်ရဲ့ ဘုန်းအသရေနဲ့ ကြီးမြတ်ခြင်းကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ကိုယ်တော်ဟာ အံ့ဩဖွယ်ကောင်းပြီး နှိုင်းယှဉ်စရာမရှိတဲ့ ဘုရားသခင် ဖြစ်ပါတယ်။
-
ဘုရားသခင်ဟာ တန်ခိုးကြီးသလို နူးညံ့သိမ်မွေ့တော်မူပါတယ်။ ခြင်္သေ့လည်းဖြစ်ပြီး သိုးသငယ်လည်း ဖြစ်တော်မူပါတယ်။
-
ဘုရားသခင်ဟာ ကျွန်မတို့အတွက် ရှေ့နေလည်း ဖြစ်ပြီး တရားသူကြီးလည်း ဖြစ်တော်မူပါတယ်။
-
ဘုရားသခင်ဟာ အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ ဖြစ်ပြီး အစနဲ့ အဆုံးမရှိပါဘူး။
-
ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ မိတ်ဆွေ၊ ကွယ်ကာစောင့်ရှောက်သူ၊ ကယ်တင်ရှင်နဲ့ အသက်တာကို ရွေးနှုတ်သော အရှင်ဖြစ်ပါတယ်။
မိတ်ဆွေ ရေ …
ဒီလောက်ကြီးမြတ်တော်မူတဲ့ ဘုရားသခင်က ကျွန်မတို့ကို သူနဲ့ ပိုမိုနက်ရှိုင်းစွာ သိကျွမ်းဖို့ အတွက် ဖိတ်ခေါ်နေပါတယ်။ ဒါဟာ အရမ်းတန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုပါပဲ !
ဒါကြောင့် ဒီနေ့မှာ ဘုရားသခင်ပေးတဲ့ ကောင်းကြီးတွေကိုပဲ မဟုတ်ဘဲ ကိုယ်တော်ကိုယ်တိုင်ရဲ့ ဘုန်းအသရေနဲ့ ကြီးမြတ်ခြင်းကို ဆင်ခြင်ပြီး ကိုးကွယ်ကြပါစို့ ! ကိုယ်တော်ကို ပိုမိုသိကျွမ်းလာတဲ့အခါ နေ့စဉ်အသက်တာမှာလည်း ကိုယ်တော်နဲ့ ပိုမိုတူညီလာမှာ ဖြစ်ပါတယ်။
အတူတကွ ဆုတောင်းကြပါစို့ …
“အဖဘုရားသခင်… ကိုယ်တော်သည် ဘုန်းအသရေရှိသော ရှင်ဘုရင်ဖြစ်ကြောင်း ဝန်ခံကိုးကွယ်ပါတယ်။ ကိုယ်တော်ကို ပိုမိုနက်ရှိုင်းစွာ သိကျွမ်းချင်ပါတယ်။ ကိုယ်တော်နဲ့အတူ အချိန်ကုန်ဆုံးချင်ပါတယ်။ နေ့စဉ်အသက်တာမှာ ကိုယ်တော်နဲ့ ပိုမိုတူလာနိုင်ဖို့ မစတော်မူပါ။ ကြီးမြတ်သော ရှင်ဘုရင် ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။”
ဘုန်းကြီးသောရှင်ဘုရင်ဟာ ယေရှုခရစ်တော် တစ်ပါးတည်းသာလျှင် ဖြစ်ပါတယ် 🤍