ခရစ်တော်၏ သဘောသဘာဝကို ထင်ဟပ်သော အသက်တာ
ဒီနေ့မှာ ကျွန်မတို့ရဲ့ အသက်တာအားဖြင့် ခရစ်တော်ရဲ့ သဘောသဘာဝကို ဘယ်လိုထင်ဟပ်နိုင်မလဲဆိုတာ ဆင်ခြင်ကြရအောင်။ ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …
“သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။” ရှင်မဿဲ 5:14
မိတ်ဆွေ ရေ…
ညဘက်တွေမှာ အလွန်လှပပြီး တောက်ပနေတဲ့ လမင်းကြီးကို ထိုင်ကြည့်ဖူးပါသလား ?
ကျွန်မတော့ အဲ့လိုလေး ထိုင်ကြည့်ရတာ သဘောကျပါတယ် ။ တကယ်တော့ လဟာ ကိုယ်ပိုင်အလင်းကို ထုတ်လွှတ်နိုင်တာ မဟုတ်ပါဘူး။ နေမင်းဆီက အလင်းကို ပြန်လည်ထင်ဟပ်ပေးနေတာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ အသက်တာဟာလည်း လမင်းနဲ့ တူပါတယ်။ ကျမ်းစာက ကျွန်မတို့ကို ဒီလောကရဲ့ အလင်းလို့ ခေါ်ထားပေမဲ့ အဲဒီအလင်းဟာ ကိုယ့်အစွမ်းအစနဲ့ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့အထဲမှာ အသက်ရှင်နေတဲ့ ခရစ်တော်ရဲ့ အလင်းကို ထင်ဟပ်ပြသခြင်း ဖြစ်ပါတယ်။
ခရစ်တော်ရဲ့ သဘောသဘာဝကို ထင်ဟပ်ခြင်းဆိုတာ သူတပါးကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံခြင်း ၊ ခွင့်လွှတ်ခြင်း၊ စကားပြောရာမှာ နူးညံ့သိမ်မွေ့ခြင်းနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ် ။
မိတ်ဆွေ ရေ၊ ဒီအချက်လေးတွေကို မှတ်သားထားပါ။
- ခရစ်တော်ဟာ အလင်းဖြစ်တဲ့ အတွက် ကျွန်မတို့လည်း အလင်းကို ထင်ဟပ်နိုင်ပါတယ်။
- ခရစ်တော်က ကျွန်မတို့ကို အရင်ဆုံး ချစ်ခဲ့တဲ့အတွက် ကျွန်မတို့လည်း ချစ်တတ်လာကြပါတယ်။
- ခရစ်တော်က သေခြင်းကို အောင်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့လည်း ခရစ်တော်၌ အသက်ရှင်ခြင်းကို ပြသနိုင်ပါတယ် ။
ဒါကြောင့် ကျွန်မတို့ရဲ့ အသက်တာဟာ ကိုယ့်အကြောင်းကိုသာ ဖော်ပြနေတဲ့ အသက်တာမဟုတ်ဘဲ ကျွန်မတို့အထဲမှာ ရှင်သန်လုပ်ဆောင်နေတဲ့ ခရစ်တော်ရဲ့ သဘောသဘာဝကို အခြားသူတွေ မြင်တွေ့နိုင်တဲ့ အသက်တာ ဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီနေ့မှာ ကိုယ့်ရဲ့ စကားလုံးတွေ၊ အပြုအမူတွေနဲ့ ဆက်ဆံရေးတွေကနေ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သဘောသဘာဝကို ထင်ဟပ်ပြသနိုင်တဲ့သူ ဖြစ်ကြရအောင် ။
ဆုတောင်းကြပါစို့ …
“အဖဘုရားသခင်… ကျွန်ုပ်ရဲ့ အသက်တာအားဖြင့် ခရစ်တော်ရဲ့ သဘောသဘာဝကို အခြားသူတွေ မြင်တွေ့နိုင်ဖို့ ကူညီတော်မူပါ။ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ခံယူရုံသာမက အခြားသူတွေထံ ပြန်လည်မျှဝေပေးနိုင်သူ ဖြစ်စေတော်မူပါ။ ကျွန်ုပ်ရဲ့ စကားနဲ့ အပြုအမူတိုင်းမှာ ကိုယ်တော်ရဲ့ အလင်းကို ထင်ဟပ်နိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
သင်ဟာဤလောကရဲ့ အလင်းဖြစ်ပါတယ် 🤍