ချစ်ခြင်းမေတ္တာကို ဖော်ပြသော စကားလုံးများ
ဒီနေ့မှာ ကျွန်မတို့ရဲ့ စကားလုံးတွေကနေ ချစ်ခြင်းမေတ္တာကို ဘယ်လိုလက်တွေ့ဖော်ပြနိုင်မလဲဆိုတာ ဆင်ခြင်ကြရအောင်။ ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …
“ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။” သုတ္တံ 15:1
မိတ်ဆွေ ရေ…
တစ်ခါတလေ တစ်ဖက်လူရဲ့ စကားတွေကြောင့် ကျွန်မတို့ စိတ်ထိခိုက်ပြီး ဒေါသထွက်လာတတ်ပါတယ်။ အဲဒီအချိန်မှာ ကြမ်းတမ်းတဲ့စကားနဲ့ ပြန်တုံ့ပြန်ဖို့ လွယ်ကူပေမဲ့ ဘုရားသခင်ကတော့ နူးညံ့သိမ်မွေ့တဲ့စကားကို ရွေးချယ်ဖို့ သွန်သင်ထားပါတယ်။
ဒေါသနဲ့ ပြန်တုံ့ပြန်မယ့်အစား ဘုရားသခင်ထံ ခွန်အားတောင်းခံပြီး ချစ်ခြင်းမေတ္တာနဲ့ ပြောဆိုဖို့ ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
ယာကုပ် ၁:၁၉ မှာလည်း “သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။-”
ရှင်ယာကုပ် 1:19 လို့ သွန်သင်ထားပါတယ်။
မိတ်ဆွေ ရေ …
ကျွန်မတို့ရဲ့ စကားတွေဟာ လူတစ်ယောက်ကို နာကျင်စေနိုင်သလို ပြန်လည်အားပေးတည်ဆောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ စကားမပြောခင် စဉ်းစားပါ။ ဒေါသနဲ့ တုံ့ပြန်မယ့်အစား နူးညံ့သိမ်မွေ့တဲ့ စကားလုံးတွေကို ရွေးချယ်ပါ။ ကျွန်မတို့ရဲ့ စကားတွေကနေ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်သက်ခြင်းကို အခြားသူတွေ ခံစားရပါစေ …
ဆုတောင်းကြပါစို့ …
“အဖဘုရားသခင်၊ ကျွန်ုပ် ရဲ့စကားလုံးတွေကို ထိန်းချုပ်တော်မူပါ။ စိတ်ထိခိုက်ရတဲ့အချိန်မှာ ဒေါသနဲ့ ပြန်မတုံ့ပြန်ဘဲ နူးညံ့သိမ်မွေ့စွာ ပြောဆိုနိုင်ဖို့ ကူညီတော်မူပါ။ အခြားသူတွေကို နာကျင်စေခြင်းထက် အားပေးတည်ဆောက်ပြီး ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ဖို့ လမ်းပြတော်မူပါ ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”