ဘယ်သူမှ မမြင်တဲ့အချိန်မှာ သင် ဘယ်သူလဲ?
မိတ်ဆွေ ရေ… လူတွေရှိတဲ့အချိန်မှာ ကောင်းတဲ့လူတစ်ယောက် ဖြစ်ဖို့က သိပ်မခက်ပါဘူး။
လူတွေ မြင်နေတယ်။ လူတွေ ကြားနေတယ်။ ကိုယ့်အပေါ် ဘယ်လိုထင်မလဲဆိုတာလည်း သိတယ်။
ဒါပေမဲ့ ဘယ်သူမှ မမြင်တဲ့အချိန်မှာရော?
တစ်ယောက်တည်းရှိတဲ့အချိန်မှာ ဘာတွေကြည့်နေသလဲ?ကိုယ့်စိတ်ထဲမှာ ဘာတွေကို ခွင့်ပြုထားသလဲ?လူတွေရှေ့မှာ မပြောတဲ့စကားတွေကို နောက်ကွယ်မှာ ဘယ်လိုပြောနေမိသလဲ?ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ထင်တဲ့အခါ ဘယ်လိုဆုံးဖြတ်ချက်တွေ ချနေမိသလဲ?
အဲ့ဒီနေရာမှာ ကျွန်တော်တို့ရဲ့ Character ကို မြင်ရပါတယ်။
ယေရှုက
“သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။-” ရှင်မဿဲ 6:6
လို့ မိန့်တော်မူခဲ့ပါတယ်။
ဒီကျမ်းပိုဒ်က ဆုတောင်းခြင်းအကြောင်း ပြောနေတာပါ။
ဒါပေမဲ့ ဒီထဲမှာ အရေးကြီးတဲ့ အမှန်တရားတစ်ခု ရှိပါတယ်။
လူတွေ မမြင်တဲ့နေရာကို ဘုရားသခင် မြင်တော်မူပါတယ်။
မိတ်ဆွေ ရေ…
လူတွေမြင်တဲ့ သင့်အသက်တာက အရေးကြီးသလို ဘုရားသခင်ပဲ မြင်တဲ့ သင့်အသက်တာကလည်း အရေးကြီးပါတယ်။
Character ဆိုတာ လူတွေရှေ့မှာ ကိုယ်ဘယ်လိုပုံပေါ်လဲဆိုတာ မဟုတ်ပါဘူး။
ဘယ်သူမှ မမြင်တဲ့အချိန်မှာ ကိုယ်ဘယ်လိုလူလဲဆိုတာပါ။
လူတွေရှေ့မှာ ယေရှုနောက်လိုက်တစ်ယောက်လို အသက်ရှင်ပြီး တစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ လုံးဝမတူတဲ့လူတစ်ယောက် ဖြစ်နေဖို့ ဘုရားသခင် မခေါ်ထားပါဘူး။
ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြင်ပန်းကိုပဲ ပြောင်းလဲချင်တာ မဟုတ်ပါဘူး။
ဘယ်သူမှ မမြင်တဲ့ အသင်ရှင်မှုကိုပါ ပြောင်းလဲချင်တာပါ။
ဒါကြောင့် ဒီနေ့ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား မေးကြည့်ရအောင်။
“လူတွေ မမြင်တဲ့ ငါ့အသက်တာထဲမှာ ယေရှုနဲ့ မတူသေးတဲ့အရာ ဘာရှိနေသလဲ?”
ဘုရားသခင်က ဖော်ပြပေးလာတဲ့အခါ ဖုံးကွယ်မထားပါနဲ့။ အကြောင်းပြချက် မပေးပါနဲ့။ ဘုရားသခင်ဆီ ယူလာပါ။
ဘာလို့လဲဆိုတော့ ဘုရားသခင်က လူတွေမြင်တဲ့ သင့်ပုံရိပ်ကိုပဲ ကောင်းအောင်လုပ်ပေးချင်တာ မဟုတ်ပါဘူး။
သင့်ရဲ့ အတွင်းလူကို တကယ်ပြောင်းလဲပေးချင်တာပါ။
ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်
“အဖဘုရား… လူတွေရှေ့မှာပဲ ကောင်းတဲ့သူတစ်ယောက် ဖြစ်မနေချင်ပါဘူး။ ဘယ်သူမှ မမြင်တဲ့အချိန်မှာတောင် ကိုယ်တော်နှစ်သက်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ကျွန်ုပ်ရဲ့ အသက်တာထဲမှာ ဖုံးကွယ်ထားတဲ့အရာတွေ၊ ပြောင်းလဲဖို့လိုအပ်တဲ့အရာတွေ ရှိရင် ဖော်ပြပေးတော်မူပါ။ ကျွန်ုပ်ရဲ့ အပြင်ပန်းကိုသာမက အတွင်းလူကိုပါ ယေရှုနဲ့ ပိုတူလာအောင် ပြောင်းလဲပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”