နိုင်ငံတော်ကို ရှေးဦးစွာ ရှာသောသူ ဖြစ်ပါစေ
ဒီတစ်ပါတ်တာမှာ ဘဏ္ဍာ အကြောင်းကို ကျွန်မတို့ အတူတကွ လေ့လာလာခဲ့ကြတဲ့အခါ ဒီနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။
နှုတ်ကပါတ်တော်တစ်ခုကို အတူတကွ ဖတ်ကြပါစို့ …
“ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။-” ရှင်မဿဲ 6:33
ဒီကျမ်းပိုဒ်လေးမှာ “ရှေးဦးစွာ” ဆိုတဲ့စကားက အရေးကြီးပါတယ်။
ယေရှုခရစ်တော်က …
“အခြားအရာတွေကို လုံးဝမရှာနဲ့”
လို့ မပြောပါဘူး။
အစားအစာ၊ အဝတ်အစား၊ နေ့စဉ်လိုအပ်ချက်တွေကိုလည်း ဘုရားသခင်သိတော်မူကြောင်း မဿဲ ၆ မှာ ယေရှုက ပြောထားပါတယ်။
ကျွန်မတို့ တခြားအရာတွေ ရှာနေတာက ပြသနာ မဟုတ်ပါဘူး …
ဘယ်အရာကို “ရှေးဦးစွာ” ရှာနေသလဲ ဆိုတာက အရေးကြီးပါတယ် ။
မိတ်ဆွေ ရေ…
ကျွန်မတို့ရဲ့ “ဦးစားပေးခြင်း” က ကျွန်မတို့ရဲ့နှလုံးသားကို ဖော်ပြပါတယ် ။
အချိန်မရှိဘူးလို့ ပြောနေပေမယ့် တစ်နေ့တာမှာ အချိန်ပေးနေတဲ့အရာတွေ ရှိသလို
ငွေမလုံလောက်ဘူးလို့ ပြောနေပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာတွေအတွက်တော့ သုံးနေတာပဲ မဟုတ်လား ?
ဒါကြောင့် မေးကြည့်ရမယ့်မေးခွန်းက—
“ကျွန်မဘဝရဲ့ ဘယ်နေရာမှာ ဘုရားသခင်ကို ထားထားသလဲ?” ဆိုတာပါ။
ဘုရားသခင်ကို ပထမနေရာ မှာထားလိုက်တဲ့အခါကျန်တဲ့အရာတွေကိုလည်း မှန်ကန်တဲ့နေရာမှာ ထားနိုင်လာပါတယ်။
ငွေကို အသုံးခံတဲ့ ကိရိယာ အဖြစ်အလုပ်ကို ခေါ်ခြင်း အဖြစ်အချိန်ကို ဘုရားသခင်ပေးထားတဲ့ လက်ဆောင် အဖြစ် နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းအတွက် အသုံးပြုလာနိုင်ပါတယ် ။
ဘုရားသခင်ရဲ့ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း ကို ဦးစားပေး ရှာဖွေခြင်းဆိုတာ ဘုရားသခင်ကို တနင်္ဂနွေနေ့မှာပဲ ဦးစားပေးတာ မဟုတ်ပါဘူး။
ဆုံးဖြတ်ချက်တိုင်းမှာ ဘုရားသခင်ရဲ့အလိုတော်ကို ရှာခြင်း၊ ငွေကို အသုံးပြုတဲ့အခါ ဘုရားအလိုတော်ပြည့်စုံဖို့ စီမံ ခန့်ခွဲ လာနိုင်ခြင်း ၊ အချိန်ကို အသုံးပြုတဲ့အခါ ဘုရားသခင်ကို ဂုဏ်ပြုခြင်း၊ လူတွေကို ဆက်ဆံတဲ့အခါ ခရစ်တော်ရဲ့ချစ်ခြင်းနဲ့ ဆက်ဆံခြင်း စတဲ့ အရာတွေ ဖြစ်ပါတယ် ။
ဒါဟာ ကောင်းကင်ဘဏ္ဍာကို စုဆောင်းနေတဲ့ အသက်တာ ပါ …
မိတ်ဆွေ ရေ…
ဘုရားသခင်ကို “ကျန်တဲ့ အရာတွေအပြီးမှာ” မထားပါနဲ့။ “ရှေးဦးစွာ” ဆိုတဲ့ နေရာမှာ ထားပါ။
ဘုရားသခင်က ကျွန်မတို့ရဲ့ဘဝထဲမှာ ပထမနေရာ ဖြစ်ဖို့ ထိုက်တန်သော ဘုရား ဖြစ်ပါတယ် 🤍
“ဘဏ္ဍာကို မှန်ကန်တဲ့နေရာမှာ ထားပါ။ ဘုရားသခင်ကိုတော့ ပထမနေရာမှာ ထားပါ။”