ဘဏ္ဍာက နှလုံးသားကို ချည်နှောင်တတ်တယ်
ကောင်းသောနေ့လေးပါ မိတ်ဆွေ
“လောဘအမျိုးမျိုးကို သတိနှင့်ကြဉ်ရှောင်ကြလော့။ လူသည် စည်းစိမ်များပြားသော်လည်း ထိုစည်းစိမ်၌ မိမိအသက်မတည်။” လုကာ ၁၂:၁၅လောဘလွန်ကျူးခြင်းကို ကြဉ်ရှောင်ဖို့ ယေရှုက သွန်သင်ထားခဲ့ပါတယ်။ ကျွန်မတို့ လူသားတွေရဲ့ ပြဿနာက ဘဏ္ဍာရှိတာ မဟုတ်ပါဘူး။ ဘဏ္ဍာက ကျွန်မတို့ရဲ့ နှလုံးသားကို ပိုင်ဆိုင်လာတဲ့အခါ၊ အဲ့ဒါက ပြဿနာ ဖြစ်လာတာပါ။ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်တာနဲ့ အဲ့ဒီပစ္စည်းက ကိုယ့်ကိုပိုင်ဆိုင်တာက မတူပါဘူး။ ငွေကို ကျွန်မတို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ငွေက ကျွန်မတို့ ကို ထိန်းချုပ်လိုက်ရင်တော့ အန္တရာယ် ရှိပါတယ်။ သင်ရှာနေတဲ့ ဘဏ္ဍာက သင့်နှလုံးသားကို ချည်နှောင်တတ်ပါတယ် မိတ်ဆွေ။ "ဒါမရှိရင် ငါမပျော်နိုင်ဘူး၊ ဒါမရှိရင် ငါ့ဘဝတော့ မပြည့်စုံတော့ဘူး၊ ဒါကို ဆုံးရှုံးရင် ငါ့ရဲ့တန်ဖိုးပါ ဆုံးရှုံးသွားပြီ" လို့ ခံစားနေရတဲ့ အရာတွေ ရှိပါသလား။ ဒါဆိုရင် အဲ့ဒီနေရာမှာပဲ ကျွန်မတို့ရဲ့ နှလုံးသားက ချည်နှောင်ခံနေရတာပဲ ဖြစ်ပါတယ်။လောဘ ဆိုတဲ့ အရာက မျှားပြလွန်းတဲ့ အရာက နေ စတင်တာ မဟုတ်ဘဲ "ငါ့မှာရှိတာ မလုံလောက်ဘူး" ဆိုတဲ့ နှလုံးသားနဲ့ အတွေးအခေါ်က နေ စတင်တာ ဖြစ်ပါတယ်။ ပိုရလာလေလေ၊ ပိုလိုချင်လာလေလေ၊ ပိုပိုင်ဆိုင်လာလေလေ၊ ဆုံးရှုံးရမှာကို ပိုကြောက်လေလေ ဖြစ်လာတော့ ဘဏ္ဍာကို ကျွန်မတို့ က ထိန်းချုပ်တာ မဟုတ်တော့ဘဲ ဘဏ္ဍာက ကျွန်မတို့ ကို ထိန်းချုပ်တာ ဖြစ်လာပါတော့တယ်။ ဒါကြောင့် မိတ်ဆွေ၊ ဒီနေ့ သင့်နှလုံးသားကို ဘယ်အရာတွေ က ချည်နှောင်ထားလဲ ဆိုတာကို ဆင်ခြင်ကြည့်ပါ။ကျွန်မတို့ အတူတကွ ဆုတောင်းကြပါစို့။"အဖ ဘုရားသခင်၊ ကိုယ်တော်ပေးထားတဲ့ အရာတွေကို ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ကောင်းစွာ အသုံးပြုတတ်စေပါ။ ဒါပေမဲ့ အဲ့ဒီအရာတွေကို ကိုယ်တော်ထက် ပိုချစ်ပြီး မကိုးကွယ်မိစေဖို့ ကျွန်ုပ်ရဲ့ နှလုံးသားကို စောင့်ရှောက်တော်မူပါ။ ကိုယ်တော်တစ်ပါးတည်းကိုသာ ပထမနေရာမှာ ထားပြီး တန်ဖိုးထားတတ်စေပါ။ ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။"မိတ်ဆွေ၊ ဘဏ္ဍာက သင့်နှလုံးသားကို မပိုင်ဆိုင်ပါစေနဲ့။