ကောင်းကင်ဘဏ္ဍာကို စုဆောင်းပါ
မိတ်ဆွေ, ဒီကနေ့မှာ ဘုရားသခင်အထံတော်ကနေ စီးဆင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးမင်္ဂလာ အလုံးစုံတို့က သင့်ရဲ့အသက်တာပေါ်မှာ ယခုပဲ သက်ရောက်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။ မနေ့က မြေကြီးဘဏ္ဍာက မတည်မြဲဘူးဆိုတဲ့အရာကို ကျွန်မတို့ သိခဲ့ကြပြီးပြီပဲ ဖြစ်ပါတယ်။ ဒီနေ့ ဒီနှုတ်ကပတ်တော်ကို ပြန်လည်ပြီးတော့မှ ဆင်ခြင်ကြရအောင်။ "သံချေး ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို စည်းပူးကြလော့" မဿဲ ၆:၂၀ အာမင်။ ကောင်းကင်ဘဏ္ဍာဆိုတာ ဘုရားသခင်ရဲ့ရှေ့မှာ ထာဝရတန်ဖိုးရှိတဲ့ အရာတွေအတွက် ဦးစားပေးပြီး အသက်ရှင်ခြင်းပဲ ဖြစ်ပါတယ်။
- တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်တဲ့အခါ
- ကိုယ့်ရဲ့အချိန်ကို တစ်စုံတစ်ယောက်အတွက် ပေးလိုက်တဲ့အခါ
- လိုအပ်နေတဲ့သူကို ရက်ရက်ရောရောကူညီလိုက်တဲ့အခါ
- ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံလိုက်တဲ့အခါ
- အခြားသူတစ်ယောက်ကို ယေရှုခရစ်တော်ထံ ပို့ဆောင်ပေးတဲ့အခါ
- ဧဝံဂေလိ ဟောပြော လုပ်ဆောင်လိုက်တဲ့အခါ
ဒီအရာတွေ အားလုံးက မြေကြီးပေါ်မှာ ကြီးမားတဲ့ အောင်မြင်မှု လို့ မမြင်နိုင်ပါဘူး။တစ်ခါတလေ ဘယ်သူမှ မမြင်နိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေ, ဘုရားသခင်က မြင်တော်မူပါတယ်။ လောကကြီးကတော့ ကျွန်မတို့ ကို များများရှာ၊ များများစု၊ ပြီးရင် ကိုယ့်အတွက်ကိုပဲ များများသုံးလို့ ပြောနေပါတယ်။ ဒါပေမဲ့ ကောင်းပါတယ်ဆိုတဲ့ အိမ်တွေ၊ ကားတွေ၊ ငွေကြေးတွေ အားလုံးအားလုံးကို ကျွန်မတို့ တစ်နေ့မှာ ထားခဲ့ရမှာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ဘုရားသခင်အတွက် အသက်ရှင်ခဲ့တဲ့ အသက်တာ၊ ချစ်ခြင်း၊ ရက်ရောခြင်း၊ သစ္စာရှိခြင်း၊ တခြားသူတွေရဲ့ အသက်တာထဲမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် စိုက်ပျိုးခဲ့တဲ့ မျိုးစေ့တွေ အားလုံးဟာ ထာဝရကာလကို ပါသွားမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် မိတ်ဆွေ ကောင်းကင်ဘဏ္ဍာကို စုဆောင်းခြင်း ဆိုတဲ့ အရာက မြေကြီးပေါ်က အရာတွေကို မလိုချင်တော့ဘူး ဆိုတဲ့ အရာ မဟုတ်ပါဘူး။ မြေကြီးပေါ်က ငါပိုင်ဆိုင်ထားတဲ့ အရာတွေကို ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ နိုင်ငံတော်အတွက် အသုံးပြုမယ့်၊ အစေခံ ပါဝင်မယ့် ဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။ဒီနေ့မှာ ကိုယ့်ကိုကိုယ် ဒီမေးခွန်းလေး ပြန်မေးကြည့်ရအောင် - သင့်အနေနဲ့ ထာဝရကာလအတွက် ဘယ်အရာတွေကို စုဆောင်းပြီးပြီလဲ?