သင့်ဘဏ္ဍာက သင့်နှလုံးသားကို ဖော်ပြတယ်
ကျွန်မတို့အားလုံးမှာ ဘဏ္ဍာ ဆိုတာ တစ်မျိုးမဟုတ်တစ်မျိုး ရှိကြပါတယ်။
တစ်ချို့အတွက် ငွေဖြစ်နိုင်တယ်။တစ်ချို့အတွက် အိမ်၊ ကား၊ ပစ္စည်းဥစ္စာ ဖြစ်နိုင်တယ်။တစ်ချို့အတွက် အလုပ်အကိုင်၊ အောင်မြင်မှု၊ နာမည်ကောင်း ဖြစ်နိုင်တယ်။
ဒါပေမယ့် ယေရှုက ဘဏ္ဍာအကြောင်း ပြောတဲ့အခါ “ဘယ်လောက်ပိုင်ဆိုင်ထားသလဲ?” လို့ မေးတာထက် ပိုနက်နဲတဲ့အရာတစ်ခုကို ပြောပါတယ်။
“အကြောင်းမူကား သင်၏ဘဏ္ဍာရှိရာအရပ်၌ သင်၏နှလုံးလည်း ရှိလိမ့်မည်။”မဿဲ ၆:၂၁
ဘဏ္ဍာက နှလုံးသားကို ဖော်ပြပါတယ်။
ကျွန်မတို့ရဲ့ နှလုံးသားက ဘယ်အရာကို တန်ဖိုးအထားဆုံးလဲဆိုတာ သိချင်ရင်—
ကျွန်မတို့ အချိန်ကို ဘာအတွက်ပေးနေသလဲ?အာရုံစိုက်မှုကို ဘာအပေါ်ထားနေသလဲ?အားအင်ကို ဘာအတွက် အသုံးပြုနေသလဲ?ငွေကို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံနေသလဲ?
ဆိုတာ ပြန်ကြည့်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့—
ကျွန်မတို့ရဲ့ ဘဏ္ဍာက နှလုံးသားနောက်ကို လိုက်တာလည်း ဖြစ်နိုင်သလို၊ နှလုံးသားကလည်း ဘဏ္ဍာနောက်ကို လိုက်သွားတတ်လို့ပါ။
တစ်ခုခုကို တန်ဖိုးထားလာလေလေအဲဒီအရာအတွက် အချိန်ပိုပေးလာတတ်ပါတယ်။
အချိန်ပိုပေးလာလေလေအဲဒီအရာက နှလုံးသားထဲမှာ နေရာပိုယူလာတတ်ပါတယ်။
ဒါကြောင့် ယေရှုက ဘဏ္ဍာနဲ့ နှလုံးသားကို သီးခြားခွဲပြီး မပြောခဲ့ပါဘူး။