ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက သင့်ဆီမှာပဲ ရပ်တန့်နေသလား?
မိတ်ဆွေ ရေ… ဒီတစ်ပတ်လုံး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကျွန်တော်တို့ အတူတူ လေ့လာခဲ့ကြပါတယ်။
ဘုရားသခင်က ကျွန်တော်တို့ကို သိပ်ချစ်တယ်။
ကျွန်တော်တို့ရဲ့ အကြောင်းအားလုံးကို သိတယ်။
ခက်ခဲတဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ကို စွန့်ပစ်မထားဘူး။
ပြီးတော့ သူ့ရဲ့ ချစ်ခြင်းမေတ္တာထဲမှာ နေ့စဉ် အသက်ရှင်ဖို့ ဖိတ်ခေါ်တော်တဲ့ ဘုရားသခင်ဖြစ်တယ်။
ဒါပေမဲ့ ဒီနေ့မှာ နောက်ဆုံးမေးခွန်းတစ်ခု မေးချင်ပါတယ်။
သင် ရရှိထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက တခြားသူတွေဆီ ဆက်လက်စီးဆင်းနေသလား?
ယေရှုက
“သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။-” ရှင်ယောဟန် 13:34
လို့ မိန့်တော်မူခဲ့ပါတယ်။
ယေရှုက ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာအကြောင်း သိရုံနဲ့ ရပ်တန့်စေချင်တာ မဟုတ်ပါဘူး။
သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တခြားသူတွေကိုလည်း ကျွန်တော်တို့အားဖြင့် တွေ့ကြုံခံစားစေချင်တဲ့ ဘုရားဖြစ်ပါတယ်။
မိတ်ဆွေ ရေ…
တစ်ခါတစ်ရံ ချစ်ခြင်းမေတ္တာကို ပြသဖို့ ကြီးမားတဲ့အရာတစ်ခု လုပ်ဖို့ မလိုပါဘူး။
အဲ့တာက စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို အားပေးတဲ့ စကားတစ်ခွန်းပြောလိုက်တာ ဖြစ်နိုင်ပါတယ်။
အထီးကျန်နေတဲ့သူတစ်ယောက်အတွက် အချိန်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
အခက်အခဲကြုံနေတဲ့သူတစ်ယောက်ကို လက်တွေ့ကူညီတာမျိုး ဖြစ်နိုင်တယ်။
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ဆီ ရောက်လာပြီး ရပ်တန့်သွားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အားဖြင့် တခြားသူတွေဆီ ဆက်လက်စီးဆင်းဖို့ပါ။
ဒီနေ့ သင့်ပတ်ဝန်းကျင်မှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေတဲ့သူတစ်ယောက် ရှိနေပါသလား?
သူ့အတွက် သင် ဘာလုပ်ပေးနိုင်မလဲ?
ဒီတစ်ပတ်ကို ချစ်ခြင်းမေတ္တာအကြောင်း ပိုသိလာရုံနဲ့ မဆုံးလိုက်ပါနဲ့။
သင် ရရှိထားတဲ့ ချစ်ခြင်းမေတ္တာကို တစ်စုံတစ်ယောက်အား လက်တွေ့ပြသခြင်းနဲ့ အဆုံးသတ်လိုက်ပါ။
ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်
“အဖဘုရား… ကျွန်ုပ်ကို အရင်ဆုံး ချစ်တော်မူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သိကျွမ်းရုံသာမက ကျွန်ုပ်ရဲ့ စကားနဲ့ လုပ်ရပ်တွေကတစ်ဆင့် တခြားသူတွေလည်း တွေ့ကြုံခံစားနိုင်ဖို့ ကူညီပေးတော်မူပါ။ ဒီနေ့ ကျွန်ုပ်အားဖြင့် တစ်စုံတစ်ယောက်ကို ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာ ပြသနိုင်ပါစေ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”