သင့်နှလုံးသားရဲ့မျှော်လင့်ရာက ဘယ်သူလဲ ?
ဒီနေ့ကတော့ “စစ်မှန်သောချစ်ခြင်းမေတ္တာ” အကြောင်းကို လေ့လာဆင်ခြင်ခဲ့ခြင်းရဲ့ နောက်ဆုံးနေ့ကိုရောက်လာပါပြီ …
ကိုယ့်ကိုယ်ကို မေးကြည့်ရအောင် !
“ကျွန်မတို့ နှလုံးသားရဲ့ မျှော်လင့်ရာက ဘယ်သူလဲ / ဘယ်အရာလဲ ?”
လူတစ်ယောက်လား?
အချစ်ရေးလား?
မိသားစုလား?
သူငယ်ချင်းလား?
ကိုယ့်အလုပ်လား?
အောင်မြင်မှုလား?
ဒီအရာတွေဟာ ကျွန်မတို့ဘဝအတွက် ဘုရားပေးထားတဲ့ လက်ဆောင်တွေ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်…
လက်ဆောင်က အရင်းအမြစ် မဖြစ်နိုင်ပါဘူး။
လူတွေက ကျွန်မတို့ကို ချစ်နိုင်ပါတယ်။နားလည်ပေးနိုင်ပါတယ်။အတူလျှောက်လှမ်းပေးနိုင်ပါတယ်။
ဒါပေမယ့် လူသားတစ်ယောက် ၊ အခြေအနေ တစ်ခုဟာ ဘုရားသခင်ရဲ့နေရာကို မယူနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူသားတွေမှာ ကန့်သတ်ချက်ရှိလို့ပါ။
ဒီအတွက် ဆာလံဆရာက—
“အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။” ဆာလံ 62:5
လို့ ပြောပါတယ်။
“ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏” လို့ ဆိုပါတယ်။
ကျွန်မတို့ရဲ့မျှော်လင့်ခြင်းဟာ ဘုရားသခင်ထံကလာတာ ဖြစ်သလို၊ ကျွန်မတို့ရဲ့နှလုံးသားရဲ့ နောက်ဆုံးမျှော်လင့်ရာလည်း သူပဲ ဖြစ်တော်မူပါတယ်။
ဒါကြောင့် မိတ်ဆွေ ရေ…
တစ်စုံတစ်ယောက်က သင့်ကို မချစ်တော့တဲ့အခါ—
ဘုရားသခင်ရဲ့ချစ်ခြင်းက မကုန်ဆုံးပါဘူး။
တစ်စုံတစ်ယောက်က သင့်ကို နားမလည်တဲ့အခါ—
ဘုရားသခင်က သင့်နှလုံးသားကို သိတော်မူပါတယ်။
တစ်စုံတစ်ယောက်က သင့်ကို စွန့်ခွာသွားတဲ့အခါ—
ဘုရားသခင်က သင့်ကို စွန့်ပစ်တော်မမူပါဘူး။
အနာဂတ်မှာ ဘာဖြစ်မလဲ မသိတဲ့အခါ—
သင့်အနာဂတ်ကို ကိုင်ထားတဲ့ ဘုရားသခင်ကို ယုံကြည်နိုင်ပါတယ်။
လူတွေကို မချစ်နဲ့ လို့ မပြောပါဘူး။
ဒါပေမယ့်—
သူတို့ကို ဘုရားသခင်ရဲ့နေရာမှာ မထားပါနဲ့။ ဘာကြောင့်လဲဆိုရင်
“ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။-” ဟေဗြဲ 13:8
လို့ နှုတ်ကပါတ်တော်အားဖြင့် အတိအကျ သိနိုင်ပါတယ် ။
ဘုရားသခင် တစ်ပါးတည်းကသာ မပြောင်းလဲသောဘုရား ဖြစ်ပါတယ် ။
စစ်မှန်သော မျှော်လင့်ရာက ဘုရားသခင်ဆီမှာပဲ ရှိပါတယ် 🤍