ချစ်ခြင်းမေတ္တာက သင့်ကို ပြောင်းလဲစေပါတယ် 🩷
ဒီ ၆ ရက်အတွင်း ကျွန်မတို့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း အများကြီးသင်ယူခဲ့ကြပါတယ်။
သူဟာ ချစ်ခြင်းမေတ္တာရဲ့ အရင်းအမြစ် ဖြစ်တော်မူတယ်။ကျွန်မတို့ကို အရင်ဆုံး ချစ်တော်မူတယ်။လက်ဝါးကပ်တိုင်ပေါ်မှာ သူ့ချစ်ခြင်းကို သက်သေပြတော်မူတယ်။သူ့ချစ်ခြင်းက မပြောင်းလဲဘူး။အဲဒီချစ်ခြင်းက ကျွန်မတို့ရဲ့ ကြောက်ရွံ့ခြင်းကို ပယ်ရှားပေးတယ်။
ဒီနေ့မှာတော့ ကျမ်းစာလေးတစ်ပိုဒ်ကိုဖတ်ပြီး ဆင်ခြင်ကြရအာင် …
ယေရှုက—
“သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။” ရှင်ယောဟန် 13:34
လို့ မိန့်တော်မူပါတယ်။
ဘုရားသခင်ရဲ့ ချစ်ခြင်းကို လက်ခံရုံနဲ့ မပြီးပါဘူး။
အဲဒီချစ်ခြင်းက ကျွန်မတို့ထံကနေ အခြားသူတွေဆီကို စီးဆင်းသွားဖို့ ဖြစ်ပါတယ်။
🌿 အရင်းအမြစ်က ဘုရားသခင်။🌿 ကျွန်မတို့က လက်ခံသူ။🌿 ပြီးတော့ ကျွန်မတို့က ပြန်လည်မျှဝေသူလည်း ဖြစ်ပါတယ် ။
တစ်ခါတလေ ကျွန်မတို့က လူတွေဆီက ကိုယ်ရရှိမယ့်ချစ်ခြင်း ပေါ်မှာပဲ မျှော်လင့်တတ်ကြပါတယ် ။
ဒါပေမယ့် ခရစ်တော်ရဲ့ချစ်ခြင်းကို နားလည်လာတဲ့အခါ …
“သူတို့ဆီက ငါဘာရမလဲ?” ဆိုတာထက် “သူတို့ကို ဘယ်လို ချစ်ပေးရမလဲ?” ဆိုပြီး ပြောင်းလဲလာပါတယ် ။
ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာက ကျွန်မတို့ကို
နာကျင်မှုထဲမှာပင် ခါးသီးခြင်းမဖြစ်စေဖို့ ၊မရရှိတဲ့အရာတွေကြောင့် နှလုံးသားပျက်စီးမသွားဖို့ နဲ့ ရရှိထားတဲ့ကျေးဇူးတော်ကို အခြားသူတွေဆီ ပြန်လည်မျှဝေနိုင်ဖို့ ပြောင်းလဲပေးပါတယ်။ နှုတ်ကပါတ်တော်ထဲမှာ …
“ချစ် သူ တို့၊ ဘု ရား သ ခင် သည် ငါ တို့ ကို ဤ မျှ လောက် ချစ် တော် မူ သည် မှန် လျှင်၊ ငါ တို့ သည် လည်း အ ချင်း ချင်း ချစ် ရ ကြ မည်။-” ၁ ရှင်ယောဟန် 4:11
လို့ ဆိုထားပါတယ်။
မိတ်ဆွေ ရေ…
ကျွန်မတို့ဟာ ချစ်ခြင်းမေတ္တာကို ရှာဖွေနေရတဲ့သူတွေပဲ မဟုတ်ပါဘူး။ခရစ်တော်ထံက ချစ်ခြင်းကို လက်ခံပြီး အဲဒီချစ်ခြင်းကို သယ်ဆောင်သွားရတဲ့သူတွေလည်း ဖြစ်ပါတယ်။
ဒီနေ့ သင့်ဘဝထဲမှာ သင်ချစ်ဖို့ ခက်ခဲနေတဲ့သူတစ်ယောက် ရှိကောင်းရှိနိုင်ပါတယ်။
သူ့အတွက် ဘုရားသခင်ရှေ့မှာ ဆုတောင်းပါ။
ဘာကြောင့်လဲဆိုတော့
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ကျွန်မတို့ကိုယ်တိုင် ဖန်တီးလို့ မရနိုင်ပါဘူး ။
ချစ်ခြင်းမေတ္တာဖြစ်တော်မူတဲ့ ဘုရားသခင်ထံက လက်ခံပြီး ပြန်လည်မျှဝေရတာပါ။
ဘုရားသခင်ရဲ့ မေတ္တာဟာ သင့်ထံကနေ အခြားသူတွေဆီ စီးဆင်းသွားပါစေ 🤍