ချစ်ခြင်းမေတ္တာထဲမှာ ကြောက်ရွံ့ခြင်း မရှိပါဘူး 🔥
ကျွန်မတို့ကို အရမ်း ချစ်တဲ့သူတစ်ယောက် ဘေးနားမှာရှိနေတယ် ဆိုရင် ဘာကြီးပဲ ရင်ဆိုင်ရပါစေ ရင်ဆိုင်မယ် ဆိုပြီး သတ္တိရှိလာတဲ့ အချိန် တွေရှိခဲ့ဖူးမှာပါ ။
ဒီနေ့ သင့်ကို မေးခွန်းလေး တစ်ခုလောက် မေးကြည့်ချင်ပါတယ် …
ဘုရားသခင်က ကျွန်မတို့ကို အရမ်းချစ်တယ်ဆိုတာ ကျွန်မတို့သိရှိပြီး နောက်ပိုင်းမှာ ကျွန်မတို့ရဲ့နှလုံးသားထဲက ကြောက်ရွံ့ခြင်းတွေက ရှိသေးလား ?
သမ္မာကျမ်းစာက အဖြေ ပေးထားပါတယ်—
“ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး” ၁ ရှင်ယောဟန် 4:18
ဘုရားသခင်ရဲ့ ပြည့်စုံတဲ့ချစ်ခြင်းက ကျွန်မတို့ရဲ့ ကြောက်ရွံ့ခြင်းကို ပယ်ရှားပေးပါတယ်။
တစ်ခါတလေ ကြောက်ရွံ့ခြင်းက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်လာတတ်ပါတယ်။
ဒါပေမယ့် ဘုရားသခင်ရဲ့ချစ်ခြင်းကို နားလည်လာတဲ့အခါ ကျွန်မတို့ရဲ့နှလုံးသားမှာ လုံခြုံမှုတစ်ခု ရလာပါတယ်။
အဲ့ဒါကတော့ “ငါ့ကို ဘုရားသခင်က ချစ်တော်မူတယ်” “ငါတစ်ယောက်တည်း မဟုတ်ဘူး” ဆိုတာ သိလာလို့ပဲ ဖြစ်ပါတယ် ။
🌿 ချစ်ခြင်းမေတ္တာက ကြောက်ရွံ့ခြင်းရဲ့ အမြစ်ကို ဖယ်ရှားပေးပါတယ် ။
“ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။” ၁ ရှင်ယောဟန် 4:17
သင်ဟာ တရားဆုံးဖြတ်ရာကာလမှာလည်း ခရစ်တော်အားဖြင့် ရဲရင့်ရသောအခွင့် ရှိတာ ဖြစ်ပါတယ် ။ ဒါဟာ ကြောက်ရွံ့ခြင်း မရှိတော့ဘူး ဆိုတာထက် ပိုနက်နဲပါတယ်။
ကြောက်ရွံ့လာတဲ့အချိန်မှာ ဘယ်သူ့ထံ ပြန်ပြေးရမလဲဆိုတာ သိလာခြင်း ဖြစ်ပါတယ်။
မိတ်ဆွေ ရေ…
သင်ကြောက်နေတဲ့အချိန်မှာ သင့်ရဲ့ ကြောက်ရွံ့ခြင်းကိုပဲ ကြည့်မနေပါနဲ့ !
သင့်ကို သိပ်ချစ်တဲ့ ဘုရားသခင်ကို ကြည့်ပါ။
ကြောက်ရွံ့ခြင်းက…
“တစ်ခုခုဖြစ်ရင် ငါဘာလုပ်မလဲ?”
လို့ မေးတဲ့အခါ…
ယုံကြည်ခြင်းက…
“ဘာပဲဖြစ်လာပါစေ၊ ငါ့ဘုရားသခင်က ငါနဲ့အတူရှိတယ်”
လို့ ပြန်ဖြေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ 🤍
ဘုရားသခင်ရဲ့ချစ်ခြင်းက သင့်အတွက် လုံခြုံရာဖြစ်ပါတယ် 🤍