မပြောင်းလဲသော ချစ်ခြင်းမေတ္တာ
ဒီတစ်ပါတ်မှာ …
ဘုရားသခင်သည် စစ်မှန်သောချစ်ခြင်းမေတ္တာဖြစ်ကြောင်း ၊ သူက ကျွန်မတို့ကို အရင်ချစ်တော်မူတယ်ဆိုတဲ့အကြောင်း ၊ သူ့ရဲ့ချစ်ခြင်းမေတ္တာကို လက်ဝါးကပ်တိုင်မှာ သက်သေပြတော်မူခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို ဆင်ခြင်ခဲ့ကြပါတယ်။
ဒီနေ့မှာတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမျိုးက ဘယ်လိုချစ်ခြင်းမျိုးလဲ ဆိုရင် မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ဖြစ်တယ်ဆိုတာ သင့်ကို ပြန်လည် သတိရစေလိုပါတယ်။
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာက တစ်ခါတလေ အခြေအနေပေါ် မူတည်တတ်ပါတယ်။ အရာရာအဆင်ပြေရင် နီးကပ်တတ်တယ်။ အဆင်မပြေရင်တော့ ဝေးသွားတတ်ပါတယ်။
လူတွေရဲ့ စိတ်က ပြောင်းလဲနိုင်သလို လူတွေရဲ့ ခံစားချက်တွေကလည်း ပြောင်းလဲနိုင်ပါတယ်။
ဒါပေမယ့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အခြေအနေပြောင်းလဲ သွားရင်လည်း မပြောင်းလဲပါဘူး။
“အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။” ရောမ 8:38-39
ဘယ်လိုအရာကမှ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သင့်ထံကနေ ခွဲထုတ်လို့ မရပါဘူး ။
သင့်အခြေအနေက ပြောင်းလဲနိုင်ပါတယ်။သင့်ခံစားချက်က ပြောင်းလဲနိုင်ပါတယ်။လူတွေရဲ့ သဘောထားတွေကလည်း ပြောင်းလဲနိုင်ပါတယ်။
ဒါပေမယ့် ဘုရားသခင် မပြောင်းလဲပါဘူး။
🌿 ဒါကြောင့် ချစ်ခြင်းမေတ္တာကို ခံစားချက်နဲ့ မတိုင်းပါနဲ့ မိတ်ဆွေ ရေ…
တစ်ခါတလေ ဘုရားသခင်ရဲ့ချစ်ခြင်းကို မခံစားရတဲ့နေ့တွေ ရှိနိုင်ပါတယ်။
ဆုတောင်းပေမယ့် အဖြေမရသေးတဲ့နေ့တွေအခြေအနေတွေ မပြောင်းလဲသေးတဲ့နေ့တွေတစ်ယောက်တည်းလို ခံစားရတဲ့နေ့ တွေပေါ့ …
အဲဒီအချိန်မှာ—
“ဘုရားသခင်က ငါ့ကို မချစ်တော့ဘူး”
လို့ မဆုံးဖြတ်လိုက်ပါနဲ့။
ကျွန်မတို့မှာ အဲဒီချစ်ခြင်းရဲ့ သက်သေအနေနဲ့ လက်ဝါးကပ်တိုင် က သက်သေအဖြစ်နဲ့ ရှိထားပြီးသားဖြစ်ပါတယ် ✝️
ဒါကြောင့် မိတ်ဆွေ ရေ…
သင်အားနည်းတဲ့အခါ ဘုရားသခင်ကိုပဲ ဖက်တွယ်ပါ။သင်မသေချာတဲ့အခါလည်း ဘုရားသခင်ကိုပဲ ဖက်တွယ်ပါ။သင်တစ်ယောက်တည်းလို့ ခံစားရတဲ့အခါ ဘုရားသခင်ကိုပဲ ဖက်တွယ်လိုက်ပါ။
ဘာကြောင့်လဲဆိုတော့—
လူတွေက ပြောင်းလဲနိုင်ပေမယ့် ဘုရားသခင်က မပြောင်းလဲပါဘူး။အခြေအနေတွေ ပြောင်းလဲနိုင်ပေမယ့် သူ့ရဲ့ချစ်ခြင်း မပြောင်းလဲပါဘူး။
ဒါကြောင့် သင့်ရဲ့ မျှော်လင့်ခြင်းကို ပြောင်းလဲနိုင်တဲ့အရာတွေပေါ်မှာ မထားပါနဲ့တော့ !
မပြောင်းလဲသော ဘုရားသခင်ကိုပဲ ယခု ဖက်တွယ်ပါ။
ဘုရားသခင်က ကျွန်မကို ချစ်တော်မူပါတယ်။အဲဒီချစ်ခြင်းက ဒီနေ့လည်း သင့်အတွက်မပြောင်းလဲပါဘူး။ ပြောင်းလဲမှာလည်း မဟုတ်တော့ပါဘူး
သင်ဟာ အချစ်ခံရသောသူ ဖြစ်ပါတယ် 🤍