ချစ်ခြင်းမေတ္တာကို သက်သေပြတော်မူသော ဘုရားသခင်
မနေ့က “ဘုရားသခင်က ကျွန်မတို့ကို အရင်ချစ်တော်မူခဲ့တယ်” ဆိုတဲ့အရာကို ဆင်ခြင်ခဲ့ကြပါတယ် ။
ချစ်ခြင်းမေတ္တာကို လက်တွေ့မှာ လုပ်ရပ်တခုခုနဲ့ သက်သေပြဖို့ လိုတယ် ဆိုရင်တော့ ကျွန်မတို့ရဲ့ ဘုရားသခင်က သက်သေတောင်းစရာ မလိုခင်တည်းက ပေးခဲ့တယ်ဆိုတာကို လက်ဝါးကပ်တိုင်တော်ကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါတယ် ။
ဘုရားသခင်က ကျွန်မတို့ကို သူချစ်တော်မူကြောင်း စကားနဲ့ပဲ ပြောထားခဲ့တာ မဟုတ်ပါဘူး။
သူ့ရဲ့ချစ်ခြင်းကို လုပ်ဆောင်ချက်နဲ့ သက်သေပြတော်မူခဲ့ပါတယ်။ ❤️
သမ္မာကျမ်းစာမှာ—
“ငါတို့သည်အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည်ငါတို့ အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။” ရောမ 5:8
ဒီနေရာမှာ ဘုရားသခင်က—
“သင်အရင်ကောင်းအောင် နေပါ။သင့်ရဲ့ အပြစ်တွေကို အရင်ပြင်ပါ။သင်ထိုက်တန်လာမှ ငါ သင့်ကိုချစ်မယ်” လို့ မပြောပါဘူး။
“ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင်…” လို့ ရေးထားပါတယ် ။
ခရစ်တော်က ကျွန်မတို့အတွက် အသေခံတော်မူခဲ့ပါတယ်။
✝️ လက်ဝါးကပ်တိုင်တော်မှာ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်ရပါတယ်
လက်ဝါးကပ်တိုင်ဟာ ခရစ်ယာန်တွေအတွက် သင်္ကေတတစ်ခုသာ မဟုတ်ပါဘူး။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် ပြသခဲ့တဲ့ “ချစ်ခြင်းမေတ္တာရဲ့ သက်သေ”လည်း ဖြစ်ပါတယ်။
ခရစ်တော်က ကျွန်မတို့အတွက် သူ့ကိုယ်သူ ပေးအပ်တော်မူခဲ့ပါတယ်။
ဒါကြောင့် မိတ်ဆွေ ရေ…
တစ်နေ့နေ့မှာ
“ဘုရားသခင်က ငါ့ကို တကယ်ချစ်ပါ့မလား?”
လို့ သင့်နှလုံးသားက မေးလာရင်…
သင့်အခြေအနေကို မကြည့်ပါနဲ့။ လက်ဝါးကပ်တိုင်တော်ကို ကြည့်ပါ။ ✝️
ဒါကြောင့် သံသယတွေရှိနေရင် ဒီနေ့မှာပဲ ဖယ်ရှားလိုက်ဖို့ ကျွန်မခွန်အားပေးချင်ပါတယ်။
ခရစ်တော်က သင့်ကို သိပ်ချစ်တယ်ဆိုတာကို ယုံလိုက်ပါ 🤍