❤️ သင့်ကို အရင်ဆုံး ချစ်တော်မူခဲ့သူ
မိတ်ဆွေ ရေ…
တစ်ခါတလေ ကျွန်မတို့က “ဘုရားသခင် … ကိုယ်တော့်ကို ကျွန်ုပ်ချစ်တယ်” လို့ ပြောတတ်ကြပါတယ်။
ဒါပေမယ့် ဒီနေ့ ခဏရပ်ပြီး စဉ်းစားကြည့်ရအောင်—
အဲ့ဒီချစ်တဲ့ နှလုံးသားကို ဘယ်သူပေးခဲ့လို့ ကျွန်မ တို့ ချစ်နိုင်တာပါလဲ ?
ကျွန်မတို့က ဘုရားသခင်ကို အရင်ရှာခဲ့လို့လား ?ကျွန်မတို့က ဘုရားသခင်ကို အရင်စပြီး ချစ်ခဲ့လို့လား?
သမ္မာကျမ်းစာက ဒီလိုပြောပါတယ်—
“ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။-” ၁ ရှင်ယောဟန် 4:19 JBMLE
ဒီကျမ်းပိုဒ်က ချစ်ခြင်းမေတ္တာရဲ့ အစပြုသူဟာ ကျွန်မတို့မဟုတ်ဘူး ဆိုတာကို သတိပေးနေပါတယ် ❤️
ဘုရားသခင်ကိုယ်တော်တိုင်က အရင်ချစ်တော်မူခဲ့ပါတယ်။ကျွန်မတို့ မရှာဖွေခင်—သူက ကျွန်မတို့ကို ရှာဖွေတော်မူခဲ့ပါတယ်။
ကျွန်မတို့ မသိသေးခင်—သူက ကျွန်မတို့ကို သိတော်မူခဲ့ပါတယ်။
ကျွန်မတို့ သူ့ကို မချစ်နိုင်သေးခင်—သူက ကျွန်မတို့ကို အရင်ချစ်တော်မူခဲ့ပါတယ်။
ဒါဟာ ကျေးဇူးတော် ပဲဖြစ်ပါတယ် ။
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့ရဲ့ ကောင်းမြတ်မှု၊ ပြည့်စုံမှု၊ ထိုက်တန်မှုတို့ကို စောင့်ပြီးမှ စတင်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သင်အားနည်းတဲ့ ၊ အလုပ်ပင်ပန်းတဲ့ ၊ သင်ကိုယ်တိုင်ကိုတောင် နားမလည်နိုင်တဲ့ အချိန်မှာ “ဘုရားသခင်က ငါ့ကို ဘယ်လောက်ထိ ချစ်လဲ” ဆိုတာကို ပြန်သတိရလိုက်ပါ။
သူ့ရဲ့ချစ်ခြင်းမေတ္တာက သင့်အပေါ်မှာ အချိန်တိုင်း ရှိနေပါတယ်။ 🤍
ဘာကြောင့်လဲဆိုတော့ သင့်အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်ချက်ကနေ စတင်တာမဟုတ်ဘဲ၊ သူ့ရဲ့သဘောသဘာဝထဲကနေ စတင်တာဖြစ်လို့ပါ။
မနေ့က ကျွန်မတို့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” ဆိုတဲ့ ကျမ်းပိုဒ်ကို ဆင်ခြင်ခဲ့ကြသလို ဒီနေ့မှာတော့ “ငါက သူ့ကို အရင်ချစ်ခဲ့တာမဟုတ်ဘူး။ သူက ငါ့ကို အရင်ချစ်ခဲ့တာပဲ” ဆိုတဲ့ အရာကို နှလုံးသွင်းဖို့ပဲ ဖြစ်ပါတယ် ။
သင်ဟာ ချစ်ခြင်းကို ရှာဖွေနေရတဲ့သူတစ်ယောက် မဟုတ်ပါဘူး။
သင်ဟာ အရင်ဆုံး အချစ်ခံရတဲ့သူတစ်ယောက်ပါ 🤍