သင်ခွင့်လွှတ်ဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ သင်ကိုယ်တိုင်ကရော?
မိတ်ဆွေ ရေ… ဒီတစ်ပတ်လုံး ကျွန်တော်တို့ ခွင့်လွှတ်ခြင်းအကြောင်း အတူတူ လျှောက်လှမ်းခဲ့ကြပါတယ်။
ဒီနေ့မှာ မေးခွန်းတစ်ခုကို ပြောင်းမေးချင်ပါတယ်။
“ငါ ဘယ်သူ့ကို ခွင့်လွှတ်ရဦးမလဲ?” ဆိုတဲ့ မေးခွန်း မဟုတ်ဘဲ
“ငါကိုယ်တိုင် ဘယ်လောက်အထိ ခွင့်လွှတ်ခြင်းခံထားရသလဲ?” ဆိုတာပါပဲ။
ဘုရားသခင်က
“ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။”
လို့ မိန့်တော်မူပါတယ်။
မိတ်ဆွေ ရေ…
တခြားသူတစ်ယောက်ရဲ့ အမှားကို ခွင့်လွှတ်ဖို့ ခက်ခဲသလို တစ်ခါတစ်ရံ ကိုယ့်ရဲ့ အတိတ်ကို ပြန်ကြည့်ဖို့လည်း ခက်ပါတယ်။
ကိုယ်ပြောခဲ့မိတဲ့ စကားတွေ…
ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေ…
ဘယ်သူမှ မသိစေချင်တဲ့ အပြစ်တွေ…
ဘုရားသခင် ခွင့်လွှတ်ပြီးပြီလို့ သိနေပေမဲ့ ကိုယ့်အတွင်းမှာတော့
“ငါ့လိုလူကို ဘုရားသခင် တကယ်ခွင့်လွှတ်နိုင်ပါ့မလား?”
လို့ ခံစားနေရတတ်ပါတယ်။
ဒါပေမဲ့ နှုတ်ကပတ်တော်ကပြောထားတာက
သင့်အပြစ်ထက် ယေရှုရဲ့ ကျေးဇူးတော်က ကြီးတယ် ဆိုတာပါ။
သင့်ရဲ့ မျှော်လင့်ခြင်းက သင် ဘယ်လောက်ကောင်းခဲ့သလဲဆိုတာပေါ်မှာ မတည်ပါဘူး။
သင် ဘယ်လောက်ကောင်းအောင် ပြန်ကြိုးစားနိုင်မလဲဆိုတာပေါ်မှာလည်း မတည်ပါဘူး။
ယေရှုက သင့်အတွက် ဘာလုပ်ပေးခဲ့သလဲဆိုတာပေါ်မှာပဲ တည်ပါတယ်။
လက်ဝါးကပ်တိုင်မှာ ယေရှုက သင့်အပြစ်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တာ မဟုတ်ပါဘူး။
သင့်အပြစ်ရဲ့ အဖိုးအခကို ကိုယ်တော်တိုင် ထမ်းခဲ့တာပါ။
ဒါကြောင့် အပြစ်ရှိတဲ့အခါ ဘုရားသခင်ဆီကနေ ထွက်ပြေးဖို့ မလိုပါဘူး။
ကိုယ့်ကိုယ်ကို အပြစ်ပေးနေရင်း ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို ရယူဖို့လည်း မလိုပါဘူး။
ယေရှုဆီ ပြန်လာလို့ရပါတယ်။
ဝန်ခံလို့ရပါတယ်။
နောင်တရလို့ရပါတယ်။
ကိုယ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံလို့ရပါတယ်။
ဒီတစ်ပတ်လုံး ကျွန်တော်တို့ “ခွင့်လွှတ်ပါ” ဆိုတဲ့အကြောင်း ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ခွင့်လွှတ်ခြင်းရဲ့ အစက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။
လက်ဝါးကပ်တိုင်ပါ။
ကျွန်တော်တို့ ခွင့်လွှတ်နိုင်တာက ကျွန်တော်တို့ နှလုံးသားက ကောင်းစားလွန်းလို့ မဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင် မထိုက်တန်ဘဲ ကျေးဇူးတော် အားဖြင့် ခွင့်လွှတ်ခြင်းခံထားရလို့ပါ။
ဒါကြောင့် မိတ်ဆွေ ရေ…
ဒီ ခွင့်လွှတ်ခြင်း ခရီးစဉ်ကို “ငါ ပိုပြီး ခွင့်လွှတ်တတ်ရမယ်” ဆိုတဲ့ ဝန်ထုပ်နဲ့ မဆုံးလိုက်ပါနဲ့။
“ငါဟာ ယေရှုအားဖြင့် ခွင့်လွှတ်ခြင်းခံထားရတဲ့သူပဖြစ်တယ်” ဆိုတဲ့ ကျေးဇူးတော်နဲ့ အဆုံးသတ်လိုက်ပါ။
ခွင့်လွှတ်ခြင်းခံထားရတဲ့သူတစ်ယောက်အဖြစ် အသက်ရှင်ပါ။
ပြီးတော့ သင် ရရှိထားတဲ့ ကျေးဇူးတော်ကို တခြားသူတွေဆီလည်း စီးဆင်းစေပါ။
ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်
“အဖဘုရား… ကျွန်ုပ်ကို ယေရှုအားဖြင့် ခွင့်လွှတ်တော်မူခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ရဲ့ အပြစ်တွေကို ဖုံးကွယ်မနေဘဲ ကိုယ်တော်ထံ ယူလာပါတယ်။ လက်ဝါးကပ်တိုင်မှာ ယေရှုပြုတော်မူခဲ့တဲ့အရာ လုံလောက်တယ်ဆိုတာ ယုံကြည်နိုင်ဖို့ ကူညီပေးတော်မူပါ။ ကိုယ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံပြီး ကျွန်ုပ်ရရှိထားတဲ့ ကျေးဇူးတော်ကို တခြားသူတွေဆီလည်း ပေးနိုင်တဲ့သူ ဖြစ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
သင်ကိုယ်တိုင်က ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။