• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၅ စက် ၂၀၂၆

ခွင့်မလွှတ်နိုင်သေးတဲ့သူတစ်ယောက် ရှိနေသလား?

ထုတ်ဝေသည့်ရက်စွဲ ၁၅ စက် ၂၀၂၆

မိတ်ဆွေ ရေ… တစ်ယောက်ယောက်က ကိုယ့်ကို အရမ်းနာကျင်စေခဲ့တဲ့အခါ “ခွင့်လွှတ်လိုက်ပါ” ဆိုတဲ့ စကားက ပြောရတာ လွယ်သလောက် တကယ်လုပ်ဖို့တော့ မလွယ်ပါဘူး။

တချို့နာကျင်မှုတွေက မေ့ပစ်လိုက်လို့ရလောက်အောင် မသေးပါဘူး။

ယုံကြည်ခဲ့တဲ့သူတစ်ယောက်ရဲ့ သစ္စာဖောက်မှု ဖြစ်နိုင်တယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ဖြစ်နိုင်တယ်။ နှစ်တွေကြာတဲ့အထိ မမေ့နိုင်သေးတဲ့ အတိတ်က အဖြစ်အပျက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံတော့ သူများကို မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုတောင် ခွင့်မလွှတ်နိုင်ဘဲ နေမိတတ်ပါတယ်။

မိတ်ဆွေ ရေ… ဒီနေ့ သင့်နှလုံးသားထဲမှာလည်း လွှတ်မချနိုင်သေးတဲ့ လူတစ်ယောက်၊ အဖြစ်အပျက်တစ်ခု ရှိနေပါသလား?

ဒါပေမဲ့ ခွင့်လွှတ်ခြင်းအကြောင်း ပြောတဲ့အခါ ကျွန်တော်တို့ ပထမဆုံး ကြည့်ရမယ့်နေရာက ကိုယ့်ရဲ့ နာကျင်မှု မဟုတ်ပါဘူး။

လက်ဝါးကပ်တိုင်ကို ကြည့်ရမှာပါ။

သမ္မာကျမ်းစာက

“ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-” ‭‭ရှင်ယောဟန်‬ ‭3‬:‭16‬ 

လို့ ဆိုထားပါတယ်။

ဘုရားသခင်က ကျွန်တော်တို့ ခွင့်လွှတ်ခြင်းခံရဖို့ ထိုက်တန်လာတဲ့အထိ မစောင့်ခဲ့ပါဘူး။

ကျွန်တော်တို့ကို ချစ်တော်မူလို့ ယေရှုကို ပေးတော်မူခဲ့ပါတယ်။

ယေရှုရဲ့ အသွေးတော်အားဖြင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်တော်မူခဲ့ပါတယ်။ (ဟေဗြဲ ၉:၂၂-၂၈) 

ဒါကြောင့် မိတ်ဆွေ ရေ…

ကျွန်တော်တို့ ခွင့်လွှတ်ခြင်းရဲ့ အစက “သူ ခွင့်လွှတ်ထိုက်လား?” ဆိုတဲ့ မေးခွန်း မဟုတ်ပါဘူး။

“ငါ ဘယ်လောက်အထိ ခွင့်လွှတ်ခြင်းခံထားရသလဲ?” ဆိုတာကို သတိရခြင်းကနေ စတင်တာပါ။

ခွင့်လွှတ်တယ်ဆိုတာ ဖြစ်ခဲ့တဲ့အရာက မှန်တယ်လို့ ပြောတာ မဟုတ်ပါဘူး။

ကိုယ်နာကျင်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်တာလည်း မဟုတ်ပါဘူး။

ပြန်ပြီး ယုံကြည်ရမယ်၊ အရင်လို ဆက်ဆံရေး ပြန်ထားရမယ်လို့လည်း မဆိုလိုပါဘူး။

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူနဲ့ ကိုယ်ခံစားခဲ့ရတဲ့ နာကျင်မှုကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံပြီး လွှတ်ချလိုက်ခြင်းပါ။

ဒါဟာ မလွယ်ပါဘူး။

တစ်ခါတစ်ရံ ခွင့်လွှတ်ခြင်းဟာ တစ်ကြိမ်တည်းနဲ့ ပြီးသွားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး။ နာကျင်မှုတွေ ပြန်ပေါ်လာတိုင်း ဘုရားသခင်ရဲ့ လက်ထဲကို ထပ်ခါထပ်ခါ ပြန်အပ်နှံရတဲ့ ခရီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သင် လွှတ်ချလိုက်တဲ့အခါ…

သင့်ကို နာကျင်စေခဲ့တဲ့သူကိုသာ လွှတ်ပေးလိုက်တာ မဟုတ်ပါဘူး။

နာကြည်းမှုက သင့်နှလုံးသားကို ဆက်ပြီး ချည်နှောင်ထားခွင့် မပေးတော့တာပါ။

မိတ်ဆွေ ရေ… သင့်အားနဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားနေစရာ မလိုပါဘူး။

သင့်ကို အရင်ဆုံး ခွင့်လွှတ်တော်မူခဲ့တဲ့ ယေရှုဆီ လာပါ။

“ယေရှု… ကျွန်တော် မလွှတ်ချနိုင်သေးဘူး။ ဒါပေမဲ့ လွှတ်ချချင်ပါတယ်။ ကျွန်တော့်နှလုံးသားကို ကူညီပေးပါ” လို့ ရိုးရိုးလေး ပြောလို့ရပါတယ်။

တစ်ခါတစ်ရံ ခွင့်လွှတ်ခြင်းရဲ့ ပထမဆုံးခြေလှမ်းဟာ “ကျွန်တော် ခွင့်လွှတ်လိုက်ပြီ” လို့ ပြောနိုင်ခြင်း မဟုတ်ပါဘူး။

“ယေရှု… ကျွန်တော် ခွင့်လွှတ်ချင်ပါတယ်။ ကျွန်တော့်ကို ကူညီပါ” လို့ ပြောနိုင်ခြင်း ဖြစ်နိုင်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။