အစပြုခြင်းတိုင်းမှာ အားနည်းချက်တွေ ရှိနေတတ်ပါတယ်
ကျွန်မ ငယ်ငယ်ကဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့တောင် စကားကြာကြာပြောဖို့ မဖြစ်နိုင်ခဲ့ဘဲ ကြောက်လည်းကြောက်၊ စကားဆက်ပြောဖို့ အကြောင်းအရာလည်း ရှာမတွေ့ဘဲ တစ်ယောက်တည်းပဲ နေတတ်ခဲ့သူ ဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ နိုင်ငံတော်အတွက် ရူပါရုံပေးပြီး ရွေးချယ်ခဲ့ပါတယ် ။အစပိုင်းမှာတော့ ငါက လူတွေနဲ့ ဆက်သွယ်မှုမှာ အရမ်းအားနည်းတဲ့ အတွက် လူတွေကို ပြုစုရာမှာ တော်တော်ခက်ခဲမှာပဲ ။ ငါအမှုတော်ကို ဘုရားအလိုတော်နဲ့ အညီ ရဲရဲရင့်ရင့်နဲ့ လုပ်ဆောင်နိုင်ပါ့မလားလို့ စိုးရိမ်မိတာ အကြိမ်ကြိမ်ပါပဲ …နှုတ်ကပါတ်တော်ထဲမှာ … “အကယ်စင်စစ် ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။” ဆာလံ 25:3 (က) လို့ ဆင်ခြင်ရပါတယ် ။ ဟုတ်ပါတယ် ။ ဘုရားသခင်က ကျွန်မ အများကြီး အားနည်းသော်လည်း အရှက်မရစေသလို ဆက်မသွားနိုင်အောင်လည်း အားအင်တွေ မကုန်ခမ်းခဲ့ပါဘူး ။ အရင်တုန်းကရော အခုရော သူတာဝန်ယူပြီး ကျွန်မကို အထူး ကျေးဇူးပြုနေလို့သာ မတ်တပ်ရပ်နိုင်တာကို အပြည့်အဝကြီး ကျွန်မ ဝန်ခံရဲပါတယ် ။ ဘုရားသခင်သာ မရှိခဲ့ရင် မြေမှုန့်သပ်သပ် ပါပဲ …ဒါကြောင့် မိတ်ဆွေ!အစပြုခြင်းတွေက ထင်သလောက် မလွယ်ပါဘူး ! သင့်ကိုယ်သင် ယုံမှ စလုပ်မယ် ဆိုရင်တော့ ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က လွဲပြီး တခြား ယုံကြည်စရာ ဒီလောကမှာရော ၊ ကောင်းကင်အောက် မြေကြီးပေါ်မှာရော မရှိလို့ပါပဲ … သင်စိတ်ချနိုင်တဲ့ အရာက ကျွန်မတို့ကိုးကွယ်နေတဲ့ ဘုရားက ဘယ်တော့မှ သင့် အားနည်းချက်ကို နင်းပြီး သင့်ကိုအနိုင်အထက် နဲ့ အရှက်ကွဲစေမယ့် ဘုရားမဟုတ်ပဲ သင့်ကို အပြည့်အဝ ကာကွယ်ပြီး တာဝန်ယူပေးတဲ့ ဘုရား ဖြစ်တယ်ဆိုတာပါပဲ …အစပိုင်းမှာတင် စိတ်ဓာတ်မကျပါနဲ့ ! သင့်ကို အားပေးမယ့် ၊ ခွန်အားပေးမယ့် ဘုရားက အခုပဲ သင့်ကိုစောင့်နေပါတယ် 🤍