သင့်အတွက် ဘုရားသခင်ရဲ့ ကြီးမားတဲ့ အကြံအစည် !
ကျွန်မတို့ ငယ်ငယ်တုန်းက "နောင်တစ်ချိန်မှာ ငါဘာဖြစ်မလဲ" ဆိုတဲ့ စိတ်ကူးယဉ်တဲ့ အရာလေးတွေက အရမ်းကို ချစ်စရာ ကောင်းတတ်ပါတယ်။
ဥပမာ - "ငါကြီးလာရင် အာကာသယာဉ်မှူး ဖြစ်ချင်တယ် ၊ စူးစမ်းရှာဖွေတဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တယ် ၊ တချို့ကလည်း အနုပညာရှင်တစ်ဦးဖြစ်ချင်တယ် ..." စသဖြင့်ပေါ့။
ကျွန်မ ငယ်ငယ်တုန်းကဆို ဆရာမတွေ ၊ မိဘတွေက ကြီးလာရင် ဘာဖြစ်ချင်သလဲလို့ မေးတော့ ကျွန်မက "ဆရာဝန်” ကြီး တစ်ယောက် ဖြစ်ချင်တယ်လို့ ဖြေခဲ့ဖူးတဲ့ အရာလေးကို မှတ်မိနေပါသေးတယ် ။
အဲဒီတုန်းက ကျွန်မရဲ့ ဆန္ဒနဲ့ အခုလက်ရှိ လက်တွေ့ဘဝဟာ အများကြီး ကွာခြားသွားပါပြီ! အဲ့ဒီလိုပဲ … ကျွန်မတို့မှာ "ကောင်းတယ်" လို့ ထင်ရတဲ့ အိမ်မက်တွေ ရှိနိုင်ပေမယ့် အဲဒါတွေက ကျွန်မတို့အတွက် ထားရှိတဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။
သင်မမွေးဖွားခင်ကတည်းက သင့်ကို ဖန်ဆင်းတဲ့အရှင်မှာ သင့်အတွက် အလိုတော် နဲ့ အကြံအစည်က ရှိထားပြီးသားပါ ။
“အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။” ဧဖက် 2:10
ကိုယ်တော်က အဲ့ဒီအကြံအစည်တော်အတိုင်း သင့်ရဲ့ DNA ထဲမှာ ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ် ။
မိတ်ဆွေ ရေ... ဒီနေ့မှာ သင့်ဘဝအတွက် ဘုရားသခင်ရဲ့ အကြံအစည်က ဘာလဲ ? သင့်ရဲ့ အနာဂါတ်မှာ ဘုရားဘာဖြစ်စေချင်တာလဲ ဆိုတာကို ရှာဖွေဖို့ ကျွန်မ ခွန်အားပေးချင်ပါတယ်။
ဘုရားသခင်က ဒီလို မိန့်တော်မူခဲ့ပါတယ် -
“ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။” ယေရမိ 33:3
ဘုရားသခင်က သင့်ကို “ကြီးစွာသော အမှု”တွေကို ဖွင့်ပြပေးချင်သော ဘုရားဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကောင်းမြတ်တဲ့ ဖခင်တစ်ယောက်လို သင့်ရဲ့ အနီးဆုံးမှာရှိပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အသက်တာကို လျှောက်လှမ်းစေလိုသော ဘုရားဖြစ်ပါတယ် ။
ဒါကြောင့် မိတ်ဆွေ ရေ... သင့်ဘဝအတွက် ကိုယ်တော့်ရဲ့ အလိုတော်ကို ဖွင့်ပြပေးဖို့ ဘုရားသခင်ဆီမှာ ဒီနေ့ပဲ တောင်းလျှောက်လိုက်ပါ ။
သင်ဟာ ရည်ရွယ်ချက်ကြီးစွာ ဖန်ဆင်းခံရသောသူဖြစ်ပါတယ် 🤍