သင့်မှာ တိုက်စစ်ဆင်မယ့် အစီအစဉ် ရှိပါသလား?
မိတ်ဆွေ ရေ …
ကမ္ဘာ့ချန်ပီယံဆုကို ရဖူးတဲ့ နာမည်ကြီး အားကစားအသင်းတစ်ခုရဲ့ အဝတ်လဲခန်းထဲမှာ ရောက်နေတယ်လို့ သင်မြင်ယောင်ကြည့်ပါ။ ကစားသမားတွေဟာ သူတို့ဘဝရဲ့ အရေးကြီးဆုံးပွဲစဉ်ကို ကစားဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီအချိန်မှာ ကစားသမားတစ်ယောက်က နည်းပြကို မေးတယ် - “ဆရာ၊ ဒီနေ့ပွဲအတွက် ကျွန်တော်တို့ရဲ့ ဗျူဟာက ဘာလဲ?” နည်းပြက - “ငါလည်း မသိဘူး။ မင်းတို့ တတ်နိုင်သလောက်ပဲ အကောင်းဆုံး ကစားကြပေါ့!” လို့ ဖြေမယ်လို့ ထင်ပါသလား?
မဖြစ်နိုင်ပါဘူး ! ဒီလိုဖြေမယ်ဆိုရင် နည်းပြဟာ သူ့အသင်းကို ရှုံးနိမ့်မှုဆီ ခေါ်သွားတာနဲ့ အတူတူပါပဲ။ ရန်သူကို ရင်ဆိုင်ဖို့ ရှင်းလင်းတဲ့ အစီအစဉ်မရှိရင် ဒီအသင်းဟာ ဘယ်လောက်ပဲ ချန်ပီယံတွေနဲ့ ဖွဲ့စည်းထားပါစေ၊ နိုင်ဖို့ အခွင့်အရေး မရှိသလောက်ပါပဲ။
ဒါကို စိတ်ဖိစီးမှုနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ ကျွန်မတို့ စိတ်ဖိစီးနေတဲ့အခါ လုပ်တတ်တာ ၂ ခုတော့ရှိတတ်ပါတယ် ။ ပိုပြီး အလုပ်ရှုပ်အောင် လုပ်တတ်ကြသလို ၊ ဘာမှမလုပ်တော့ဘဲ ရပ်တန့်သွားတတ်ကြပါတယ် ။
စိတ်ဖိစီးနေတဲ့အခါ မှန်ကန်တဲ့အရာကို ရွေးချယ်ပြီး လုပ်လိုက်ဖို့က ပိုအရေးကြီးပါတယ် ။ သင့်မှာ ဘုရားသခင်ပေးတဲ့ ဗျူဟာတစ်ခု လိုအပ်ပါတယ်။ အဲ့ဒီဗျူဟာကတော့ သင့်ရဲ့ တစ်နေ့တာကို ဘုရားသခင်နဲ့အတူ အချိန်ကုန်ဆုံးရင်းနဲ့ စတင်ဖို့ပါပဲ။
ဒါဟာ အရမ်းကို ထင်ရှားတဲ့အချက်ဖြစ်ပေမယ့် လူတော်တော်များများကတော့ သူတို့ရဲ့ တစ်နေ့တာကို “Panic” (ထိတ်လန့်တကြား) ဖြစ်ပြီး စတင်နေကြပါတယ်။ အိပ်ရာကနေ လန့်နိုးတယ် ၊ နှိုးစက်ကို ခဏခဏပိတ်တယ်၊ အလုပ်နောက်မကျအောင် ကတိုက်ကရိုက် ပြေးလွှားရတယ်၊ ပစ္စည်းတွေ မေ့ကျန်ခဲ့တယ်၊ လမ်းမှာပဲ ကမန်းကတန်း စားသောက်ရတယ်။ အဲဒီအရာတွေက စိတ်ဖိစီးမှုတွေ ရှင်သန်ကြီးထွားဖို့ မြေဩဇာကောင်းတဲ့ မြေနေရာ လို ဖြစ်သွားပါတော့တယ်။
ယေရှုဘုရားက ကျွန်မတို့ကို ဒီလိုအသိပေးထားပါတယ် -“သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။” ရှင်ယောဟန် 10:10
ယေရှု လာရခြင်းအကြောင်းရင်းက လူသားတွေဟာ အသက်ကို ရဖို့နဲ့ အဲဒီအသက်ဟာ လျှံထွက်နေတဲ့အထိ ပြည့်စုံဖို့အတွက် ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ ကတိတော်ပါပဲ...
ဘုရားသခင်က သင့်ကို အသက်လက်ဆောင် ပေးထားပြီး သင့်ကို အဲဒီအသက်တာကို အပြည့်အဝ ခံစားစေချင်ပါတယ်။ အဲဒီလို ခံစားနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဘုရားသခင်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ပါပဲ။
သင့်ရဲ့ နေ့ရက်တွေကို ဘုရားသခင်နဲ့အတူ စကားပြောပြီး နှုတ်ကပတ်တော်ထဲက ကတိတော်တွေကို ဖတ်ရှုခြင်းနဲ့ စတင်ကြည့်ရင်ရော ဘယ်လိုလဲ?
မိတ်ဆွေ ရေ... ဘုရားသခင်ဟာ သင့်အတွက် အရေးပေါ်အချိန်မှ နှိပ်ရတဲ့ ခလုတ်တစ်ခု မဟုတ်ဘဲ သင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ချင်တာပါ။ သင်ဟာ ချန်ပီယံဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ရဲ့ နည်းပြဖြစ်ပါတယ်။
ဘုရားသခင်ဆီက ဗျူဟာတွေကို ခံယူဖို့နဲ့ အတားအဆီးတွေကို တစ်ခုချင်းစီ ကျော်လွှားနိုင်ဖို့ သခင်ဘုရားနဲ့အတူ အချိန်ကုန်ဆုံးလိုက်ပါ …
သင်ဟာ တန်ဖိုးရှိလွန်းသောသူဖြစ်ပါတယ် 🤍