စိုးရိမ်ပူပန်မှုတွေကို အဆုံးသတ်လိုက်ပါ!
ကျွန်မတို့ခံစားနေရတဲ့ စိတ်ဖိစီးမှုတော်တော်များများဟာ စကားလုံးတွေကနေ စတင်တတ်တာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ အခုလို ဆိုထားပါတယ် - “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။” သုတ္တံ 18:21
ဒါကြောင့် စကားလုံးတွေဟာ ကျွန်မတို့ရဲ့ စိတ်ကို အတိုင်းထက်အလွန် ဝမ်းမြောက်စေနိုင်သလို၊ တစ်ဖက်မှာလည်း လူသားတစ်ယောက် ခံစားရနိုင်တဲ့ အဆိုးရွားဆုံး စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
ဥပမာအားဖြင့် - ကျွန်မတို့ ပြောဆိုတဲ့ စကားတွေဟာ မျှော်လင့်ချက်နဲ့ အားပေးမှုတွေ ပြည့်နေတဲ့ တည်ဆာက်စရာ စကားတွေဆိုရင် တစ်နေ့တာလုံးကို အကောင်းမြင်စိတ်၊ ဝမ်းမြောက်စိတ်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒါပေမယ့် ကျွန်မတို့ ပြောသမျှမှာ စိတ်ဖိစီးမှုတွေပဲ ပါနေမယ်ဆိုရင်တော့ အရာရာကို စိုးရိမ်စိတ်နဲ့ပဲ ရင်ဆိုင်မိပါလိမ့်မယ်။
ဘာတွေ မှားယွင်းသွားနိုင်မလဲဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေလေလေ၊ စိတ်ဖိစီးမှု အသံကို ပိုကျယ်လာစေပြီး... ယုံကြည်ခြင်း အသံကိုတော့ ပိုတိုးသွားစေလေလေပါပဲ။
ဒါပေမယ့် ဒီစကားလုံးတွေက ဘယ်ကလာတာလဲ? ဘာလို့ ညည်းတွားတဲ့ အနှုတ်လက္ခဏာ စကားတွေ ပြောနေမိတာပါလဲ ?
ဒီအချက်ကိုလည်း ဘုရားသခင်က နှုတ်ကပတ်တော်မှာ အခုလို ဖော်ပြထားပါတယ် - “… စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” ရှင်လုကာ 6:45
တစ်နည်းအားဖြင့် ပြောရရင် သင့်နှလုံးသားထဲမှာ စိုးရိမ်မှုတွေ ပြည့်နေရင် သင့်စကားလုံးတွေကလည်း အဲဒီစိုးရိမ်မှုကိုပဲ ပြသနေမှာပါ။
ယောဘကလည်း အခုလို ပြောခဲ့ပါတယ် - “ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။” ယောဘ 3:25
ဘုရားသခင်ရဲ့ သစ္စာရှိအစေခံ ယောဘရဲ့ စကားတွေအရ အရာရာဟာ နှလုံးသားနဲ့ အတွေးထဲကနေ စတင်တာကို တွေ့နိုင်ပါတယ်။ ကျွန်မတို့က သံသယ၊ ကြောက်ရွံ့မှုနဲ့ စိတ်ဖိစီးမှုတွေရဲ့ လက်ထဲမှာ ရောက်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ နှလုံးသားက ပူပန်တုန်လှုပ်နေပါလိမ့်မယ်။ ဦးနှောက်ထဲမှာလည်း ကျွန်မတို့ကို ရှေ့မဆက်နိုင်အောင် တားဆီးမယ့်၊ ငြိမ်သက်ခြင်းကို ခိုးယူမယ့် အနှုတ်လက္ခဏာ အတွေးတွေပဲ ပြည့်နေပါလိမ့်မယ်။
မိတ်ဆွေ ရဲ့ ဘဝမှာရော အခုလို ဖြစ်နေပါသလား? အကယ်၍ ဖြစ်နေတယ်ဆိုရင်တောင် စိတ်မပျက်ပါနဲ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ သင့်အတွက် လွတ်မြောက်ရာလမ်းရှိပါတယ် ။
ကြုံလာရတဲ့ အခြေအနေတစ်ခုအပေါ်မှာ သင့်ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်ရင် ဘာဖြစ်သွားနိုင်မလဲ?
စိတ်နေစိတ်ထားကို ပြောင်းလဲကြည့်ပါ ။ ဘုရားအပေါ် ပိုပြီး ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြည့်ပါ ။
ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းနဲ့ ပြည့်ဝစေဖို့ စတင်တောင်းခံလိုက်ပါ။ ကြောက်ရွံ့စိုးရိမ်နေမယ့်အစား၊ သင့်ရဲ့ ကိစ္စရပ်တိုင်းကို အရာအားလုံးကို အစိုးရတဲ့အရှင်ရဲ့ ခြေတော်ရင်းမှာ အပ်နှံဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။ ဒီနေ့ ကျွန်မနဲ့အတူ ဆုတောင်းကြရအောင် …
“အဖဘုရား၊ ကျွန်ုပ်ကို ကူညီပြီး ခွန်အားပြန်ဖြည့်ပေးတဲ့ ကိုယ်တော့်နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဟာ အချိန်တိုင်းမှာ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ သမ္မာတရားကို ကြေညာဖို့နဲ့ တခြားအရာတွေထက် ကိုယ်တော့်ကိုပဲ စိုက်ကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ ကျွန်ုပ်ကို ဝန်ပိစေတဲ့ စိုးရိမ်မှုအားလုံးကို ကိုယ်တော့်ဆီ အပ်နှံပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်ရဲ့ လမ်းပြသူ ၊ သက်သာစေသူနဲ့ ကျွန်ုပ်ရဲ့ ခေါင်းကို ကြွစေတဲ့အရှင် ဖြစ်ပါတယ်။ ကိုယ်တော့်နာမတော် တစ်ပါးတည်းသာ ချီးမွမ်းခြင်း ခံရပါစေ။ အာမင်။”
မစိုးရိမ်ပါနဲ့ 🤍