သင် စိတ်ဖိစီးနေပါသလား?
ဒီတစ်ပတ်မှာတော့ “ဘာကြောင့် စိတ်ဖိစီးနေရသလဲ ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကိုလေ့လာသွားကြမှာ ဖြစ်ပါတယ် ။
စိတ်ဖိစီးမှုဆိုတဲ့ အရာက လူသားတွေဖြစ်တဲ့ ကျွန်မတို့ အတွက်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခု ဆိုလည်း မမှားပါဘူး ။ သို့သော် အဲ့ဒီစိတ်ဖိစီးမှုက ကျွန်မတို့ရဲ့ ဝိညာဉ်ရေးရာ အသက်တာအပေါ် သာမက မိသားစုနဲ့ အလုပ်ခွင်အပေါ် အလွန်ကိုမှ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ် ။
ကျွန်မတို့က စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ကြပါဘူး ။ တစ်နည်းအားဖြင့် ပြောရရင် တစ်ခုခုကို စိတ်ဖိစီးလာတဲ့အခါ ဘေးပတ်ဝန်းကျင်က လူတွေအပေါ် မထင်မှတ်ပဲ ဆိုးဆိုးရွားရွား ဆက်ဆံမိတတ်ကြပါတယ် ။ ဥပမာ - အော်ငေါက်မိတာ ၊ စိတ်မရှည်နိုင်တာ ၊ ခါးခါးသီးသီး ပြောဆိုမိတတ်တဲ့ အရာမျိုးတွေပေါ့ !
စိတ်ဖိစီးမှုဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ခံစားမှုကို ထိခိုက်စေရုံတင် မကဘဲ၊ ပြင်ပဖိအားတွေက ကျွန်မတို့ရဲ့ အတွင်းပိုင်း ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ထိခိုက်စေတဲ့အတွက် ဝိညာဉ်ရေးရာမှာလည်း အများကြီး ထိခိုက်စေပါတယ်။
စိတ်ဖိစီးမှုဆိုတာ ကျွန်မတို့ဆီကနေ ရသမျှအရာအားလုံးကို ခိုးယူမယ့် သူခိုးပါပဲ! ကျန်းမာခြင်း ၊ ငြိမ်သက်ခြင်း၊ အနားယူခြင်း၊ လူမှုဆက်ဆံရေး၊ ရယ်မောခြင်း ၊ ဝမ်းမြောက်ခြင်း စတဲ့ ယေရှုဘုရားက သူ့ရဲ့ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်မတို့ကို ပေးထားတဲ့ ပြည့်စုံတဲ့အသက်တာကို မခံစားနိုင်အောင် ရန်သူက အသုံးပြုတဲ့ အန္တရာယ်ရှိတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။
ဒီနေ့ မိတ်ဆွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ? ဖိအားတွေအောက်မှာ ရောက်နေလား? စိတ်ဖိစီးနေလား?
ကျွန်မ ခွန်အားပေးပါရစေ... သင်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုက သင့်မှာ တစ်ခုခုမှားနေလို့ မဟုတ်ပါဘူး။ သင်ဟာ လူသားတစ်ယောက် ဖြစ်နေရင်တော့ ကြုံတွေ့ရမှာပါပဲ …
ဒါပေမယ့် ဒီနေ့အတွက် သတင်းကောင်းက သင်ဟာ လောကကြီးအတိုင်း အသက်ရှင်စရာ မလိုပါဘူး။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ ကတိတော်တွေကို အားကိုးနိုင်ပြီး ကိုယ်တော်ဟာ သင့်ထဲမှာ အံ့သြဖွယ် အမှုသစ်ပြုမယ့်အရာကို မျှော်လင့်ရင်းနဲ့ အသက်ရှင်လိုက်ဖို့ပဲ လိုပါတယ် ။
သမ္မာကျမ်းစာက ပြောထားပါတယ် - “အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။” ဆာလံ 16:11
ဘုရားသခင်က သင့်ကို သူ့ဘေးမှာ အစဉ်အမြဲ ဝမ်းမြာက်ခြင်း အပြည့်နဲ့ ရှိနေစေချင်တာပါ ။
ဒါကြောင့် မိတ်ဆွေ ရေ... ဘုရားသခင်မှာ သင့်အတွက် ပြည့်စုံတဲ့အကြံအစည် ရှိပါတယ်။ အသက်ရှင်ခြင်း အဓိပ္ပါယ် နဲ့ ဝမ်းမြောက်ခြင်းကို ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ ရှာတွေ့နိုင်ပါတယ်!
အခုပဲ ခဏလောက် အနားယူပြီး ခမည်းတော်ရဲ့ ခြေတော်ရင်းမှာ အချိန်ယူ ကြည့်ရင်ရော ဘယ်လိုလဲ?
ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ သင့်ကို အပြည့်အဝ ပြန်လည် လန်းဆန်းစေမှာပါ ။