စားပွဲအဆင်သင့် ဖြစ်နေပြီနော်!
*လူ့ဘဝရဲ့ ခက်ခဲတဲ့ နေ့ရက်တွေမှာ အရာရာကို ဆုံးရှုံးလိုက်ရသလိုမျိုး၊ အခက်အခဲတွေကြားမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သလိုမျိုး စိတ်ပျက်အားငယ်ရတဲ့ အချိန်တွေ ကြုံဖူးပါသလား?
ဆာလံဆရာကတော့ ကျွန်မတို့ကို ဒီလိုခွန်အားပေးထားပါတယ် -
“အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။” ဆာလံ 23:5
သမ္မာကျမ်းစာထဲက ယောဘရဲ့ အသက်တာကို တစ်ချက်လောက် စဉ်းစားကြည့်ရအောင်… ဘုရားသခင်က ယောဘရဲ့ ဖြောင့်မတ်ခြင်းနဲ့ ဘုရားကို ကြောက်ရွံ့မှုကို ဂုဏ်ယူစွာနဲ့ “ငါ၏ ကျွန် ယောဘကို ဆင်ခြင်ပြီလော” (ယောဘ ၁:၈) လို့ စာတန်ကို မေးခဲ့ပါတယ်။ ဒါပေမဲ့ စာတန်ရဲ့ မနာလိုတိုက်ခိုက်မှုကြောင့် ယောဘဟာ စည်းစိမ်ဥစ္စာ၊ ပိုင်ဆိုင်မှုနဲ့ ကျန်းမာရေးအထိ အရာရာကို ပြင်းထန်စွာ ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ အဆုံးသတ်မှာ ဘာဖြစ်သွားခဲ့သလဲ? ဘုရားသခင်ဟာ ယောဘကို ပြန်လည်ထူထောင်ပေးခဲ့ရုံတင်မကဘဲ သူဆုံးရှုံးခဲ့သမျှထက် နှစ်ဆတိုးပြီး ကောင်းကြီးပေးတော်မူခဲ့ပါတယ် (ယောဘ ၄၂:၁၀)။ ရန်သူ စာတန် ရှုံးနိမ့်သွားပြီး ယောဘအတွက် ရန်သူတွေရဲ့ရှေ့မှာ ဘုရားသခင်ကိုယ်တိုင် အံ့ဩဖွယ် စားပွဲတော်ကို ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
မိတ်ဆွေ ရေ…
ဘုရားသခင်ဟာ ကိုယ်တော့်သားသမီးတွေကို ပြန်လည်မစပြီး ကောင်းကြီးပေးချင်တဲ့ဘုရားပါ ။
ဒီနေ့မှာ သင်ဟာ နာကျင်စရာ၊ ဆုံးရှုံးစရာ အခြေအနေတွေကို ကြုံတွေ့နေရတယ်ဆိုရင်တောင် သတိရပါ… ယေရှုဟာ သင့်ရဲ့ နာကျင်မှုကို ကုသပေးနိုင်တယ်၊ နှစ်သိမ့်ပေးနိုင်တယ်၊ ဒီထက်ပိုပြီး ကြွယ်ဝတဲ့ အသက်တာ အသစ်ကို ပေးနိုင်ပါတယ်။ ကိုယ်တော်ကိုယ်တိုင် ပြင်ဆင်ပေးတဲ့ စားပွဲမှာ ထိုင်ရတဲ့အခါ ကျွန်မတို့ဟာ လုံခြုံရုံတင်မကဘဲ ကောင်းကြီးမင်္ဂလာတွေနဲ့ လျှံထွက်ခွင့် ရတာဖြစ်ပါတယ်။
မိတ်ဆွေ ရေ… ဒီနေ့မှာ ရန်သူနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲကို တိုးဝင်လိုက်ရအောင်နော်… ကိုယ်တော် ပြင်ဆင်ထားတဲ့ စားပွဲမှာ ထိုင်ပြီး ငြိမ်သက်ခြင်းနဲ့ ကောင်းကြီးမင်္ဂလာကို ဝမ်းမြောက်စွာ ခံယူကြည့်ပါ…
ဘုရားသခင် ပြင်ဆင်သော စားပွဲမှာထိုင်လျက် အမြဲ ခွန်အားယူလိုက်ပါ 🤍