ချစ်ပါ... ဒါပေမယ့် ဘယ်လိုနည်းနဲ့လဲ?
မိတ်ဆွေ ရေ…
လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ နေ့စဉ်အသက်တာမှာ တခြားသူတွေရဲ့ အားနည်းချက်၊ အမှားတွေကိုပဲ ပထမဆုံး မြင်မိပြီး စိတ်ပျက်ဒေါသထွက်မိတဲ့ အချိန်တွေ ကြုံဖူးပါသလား ? သမ္မာကျမ်းစာက ကျွန်မတို့ကို တခြားသူတွေကို ချစ်ဖို့ အမြဲတိုက်တွန်းပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို အရင်ချစ်ခဲ့လို့ ကျွန်မတို့လည်း ပြန်ချစ်ရမှာပါ။ ချစ်ပါ ဆိုတဲ့ စကားလုံးလေးက ယုံကြည်သူဖြစ်တဲ့ ကျွန်မတို့တွေအတွက် စိမ်းတဲ့ စကားလုံးတော့ မဟုတ်ပါဘူး ။
ဒါပေမယ့် ဘယ်လိုချစ်ရမလဲ?
၁ ကောရိန္သု ၁၃ မှာ လမ်းညွှန်ချက်တွေကို ပေးထားပါတယ်။ ဒီနေ့မနက်မှာတော့ အချက်တစ်ချက်ကိုပဲ အာရုံစိုက်ကြည့်ရအောင် - လူတစ်ဦးစီရဲ့ ကောင်းကွက်တွေကိုသာ ကြည့်ခြင်းအားဖြင့် ချစ်ပါ။
တခြားသူတွေအပေါ် မကောင်းတာကို မသံသယဝင်ဘဲ၊ သူတို့ရဲ့ အကောင်းဆုံးအရာတွေကိုပဲ ကြည့်ပါ ၊ မျှော်လင့်ပါ ။ အဲဒီလိုလုပ်ခြင်းက ကျွန်မတို့ ပတ်ဝန်းကျင် လေထုတစ်ခုလုံးကို ပြောင်းလဲစေပါတယ်။ ဒါဟာ တခြားသူတွေနဲ့ ကျွန်မတို့ကိုယ်တိုင်ကိုပါ ပြောင်းလဲစေမယ့် အတွေးအမြင် ဖြစ်ပါတယ်။
“ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။-” ၁ ကောရိန္သု 13:7
ကျွန်မတို့ဟာ တခြားသူတွေကြောင့် စိတ်ပျက်ရတဲ့အခါ ဒါကို သတိရပါ... ယေရှုဟာ ကျွန်မတို့ရဲ့ အားနည်းချက်တွေ ရှိနေပါစေ၊ ကျွန်မတို့ထဲမှာရှိတဲ့ ကောင်းတဲ့အရာ ၊ အားသာချက်တွေကို အမြဲယုံကြည်ပေးပါတယ်။ ကျွန်မတို့လည်း ကိုယ်တော်ရဲ့ နှလုံးသားနဲ့ ကြည့်မြင်ကြရအောင်နော် …
မိတ်ဆွေ ရေ... ဒီနေ့မှာ သင်ဆုံတွေ့သမျှ လူတိုင်းအပေါ်မှာ ကောင်းတာလေးတွေပဲ တွေးပေးခြင်းအားဖြင့် ရိုးရှင်းတဲ့နည်းနဲ့ ချစ်ကြည့်ပါ။
လူတစ်ဦးစီ၏ ကောင်းကွက်ကို မြင်ပေးခြင်းဟာ မေတ္တာ၏ အစဖြစ်ပါတယ် 🤍