လာ၍ သောက်ကြလော့ !
မိတ်ဆွေ ရေ…
မြစ်နားမှာ စိုက်တဲ့ အပင်တွေက အမြဲရှင်သန်ကြီးထွားပြီး ကျန်းမာလေ့ရှိတာကို သတိထားမိပါသလား ? ဒီနေ့မနက်မှာ အကောင်းဆုံးသော စမ်းရေတွင်း၊ အင်အားအကြီးဆုံးသော မြစ်ရေကို သောက်သုံးလျက် ဝိညာဉ်ရေးရာ ခွန်အားယူဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။
“အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။” ဆာလံ 16:11
ဘုရားသခင်တစ်ပါးတည်းသာလျှင် စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းရဲ့ စမ်းရေတွင်း ဖြစ်ပါတယ်။ အဲဒီဝမ်းမြောက်ခြင်းက သင့်ဝိညာဉ်ကို ပြန်လည် ရွှင်လန်းစေပြီး မျက်ရည်တွေကို သုတ်ပေးကာ သင့်မျက်နှာပေါ်မှာ အပြုံးတွေကို အသက်ဝင်စေမှာ ဖြစ်ပါတယ်။
ဘုရားသခင်ဟာ ကျွန်မတို့ လူသားတွေ မပေးနိုင်တဲ့၊ နားလည်ခြင်းထက် သာလွန်တဲ့ ငြိမ်သက်ခြင်းရဲ့ မြစ်ဖျားခံရာ ဖြစ်ပါတယ်။ အဲ့ဒီငြိမ်သက်ခြင်းဟာ ကောင်းကင်နိုင်ငံတော်ကလာတဲ့ ပြည့်စုံတဲ့ ငြိမ်သက်ခြင်းပါ။
ဘုရားသခင်ဟာ အသက်ရှင်ခြင်းရဲ့ အရင်းအမြစ်ဖြစ်ပါတယ်... သင့်ရဲ့ တည်ရှိမှုဟာ ကိုယ်တော့်ထံကနေ ဆင်းသက်လာတာပါ။ ကိုယ်တော့်ရဲ့ အသက်ရှုသံက သင့်ထဲမှာ ရှိနေပါတယ်။ ကိုယ်တော့်မျက်မှောက်တော်က သင့်ကို နေ့စဉ် ဝန်းရံထားပါတယ်။
မိတ်ဆွေ ရေ... အဆုံးမရှိတဲ့ မြစ်တစ်စင်းလိုပဲ ဘုရားသခင်ဟာ သင့်အသက်တာရဲ့ အရင်းအမြစ် ၊ အသက်သွေးကြော ဖြစ်ပါတယ်။ ဘုရားသခင်က သင့်အသက်တာကို လန်းဆန်းခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း တွေနဲ့ ပြည့်လျှံစေချင်ပါတယ်။
ကျွန်မနဲ့အတူ ဆုတောင်းကြရအောင် ...
“ဘုရားသခင် … ကိုယ်တော့်မျက်မှောက်တော်၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို အခုပဲ ခံယူပါတယ်။ ကိုယ်တော့်ရဲ့ မေတ္တာမြစ်ရေက ကျွန်ုပ် ရဲ့ အထဲမှာ ပြည့်လျှံနေပြီး ဝိညာဉ် လန်းဆန်းကာ ရေငတ်ပြေစေလို့ ကျေးဇူးတင်ပါတယ် ။ ကိုယ်တော်သည် ဝမ်းမြောက်ခြင်း၏ ပြည့်စုံရာ ဖြစ်ပါတယ်။ ယေရှုနာမ၌ ဆက်ကပ်အပ်နှံပါ၏ ။ အာမင်။”
ဘုရားသခင်ရဲ့ မြစ်ရေက သင့်ရဲ့ အရင်းအမြစ်ပါပဲ 🤍