ရေ… မျက်ရည်ချိုင့်ဝှမ်းမှ ထွက်ခွာလာပါ!
မိတ်ဆွေ ရေ… ဘုရားသခင်ဟာ သင့်ငိုကြွေးသံကို ကြားတော်သော ဘုရားသခင်ဖြစ်ပါတယ်။ သင့်ကို ဖန်ဆင်းပြီး ခေါ်တော်မူသော ဘုရားသခင်ဟာ သင့်ကို အတွင်းကျကျ သိတော်မူပြီး သူ့ရဲ့ မျက်မှောက်တော်မှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး။ ဘုရားသခင်ဟာ အရာခပ်သိမ်းကို သိမြင်တော်မူပါတယ်။ ယခုအချိန် ဤစာကို သင် ဖတ်နေစဉ်မှာပင် ဘုရားသခင်ဟာ သင့်ဘေးမှာ ရှိပြီး သင့်ကို မြင်ပါတယ်။
“အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူများကြောင့် ပြာမှုန်လျက်ရှိပါ၏။ မတရားသဖြင့် ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော်မူ၏။ ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသောပတ္ထနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ချင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။” ဆာလံ 6:6-10
စိတ်ချပါ… ဘုရားသခင်ဟာ သင့်ကို မျက်ရည်ချိုင့်ဝှမ်းထဲမှ ထုတ်ဆောင်ပါလိမ့်မယ်။ နိမ့်ကျသော အရပ်မှ မြင့်မားသော အရပ်သို့ ပို့ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ဟာ သင့်ကို သူနဲ့ ပိုမိုနီးကပ်စေရန် ခေါ်ဆောင်နေခြင်းဖြစ်ပြီး —
သင့်ယုံကြည်ခြင်းကို ခိုင်မာစေရန်၊
သင့်နှလုံးသားကို ပြန်လည်ကုစားရန်၊
သင့်ခွန်အားကို အသစ်ပြန်ဖြစ်စေရန် ဖြစ်ပါသည်။
သင့်မျက်ရည်ကျသံကို ကြားသော ဘုရားသခင်ဟာ သင့်ကို မျက်ရည်ချိုင့်ဝှမ်းမှ ထုတ်ဆောင်၍ ကောင်းကြီးမင်္ဂလာဖြင့် ပြည့်စုံသော မြင့်မားသည့် အရပ်သို့ ဧကန်မလွဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။