မိတ်ဆွေ ရေ… ရှေ့သို့ ဆက်လက်လျှောက်လှမ်းပါ!
မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ အသက်တာမှာ အလင်းရောင်လုံးဝမရှိသလို မှောင်မိုက်နေတဲ့ ချိုင့်ဝှမ်းတွေကို ဖြတ်သန်းရတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဘယ်လိုလွတ်မြောက်ရမလဲဆိုတာ မသိနိုင်ဘဲ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတွေ လွှမ်းမိုးလာတတ်ပါတယ်။
“အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။”
အမှောင်မည်းဆုံး အချိန်ကာလတွေကို ကြုံတွေ့ရတဲ့အခါ ဘုရားသခင်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်တော်တို့ကို သေချာတဲ့ ကတိတော်တစ်ခု ပေးထားပါတယ်။ အဲ့ဒါကတော့ — ကျွန်တော်တို့ မည်မျှပင် မှောင်မိုက်သော ချိုင့်ဝှမ်းကို ဖြတ်သန်းနေရပါစေ ဘုရားသခင်ဟာ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေတယ်ဆိုတာပါပဲ။
ဒါကြောင့် ဘဝမှာ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ "ဘာကြောင့်လဲ ဘုရားသခင်?" လို့ မေးမယ့်အစား "ဘုရားသခင်၊ ဒီချိုင့်ဝှမ်းကို ကိုယ်တော်နဲ့အတူ ဘယ်လို ဖြတ်သန်းရမလဲ?" ဆိုပြီး ကိုယ်တော်ထံ မျှော်ကြည့်လိုက်ပါ။
မိတ်ဆွေ ရေ… အကယ်၍ သင်ဟာ ယခုအချိန်မှာ မှောင်မိုက်တဲ့ ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုရင်... ရှေ့ကို ဆက်လက် လျှောက်လှမ်းပါ။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။ သင် ယုံကြည်ခြင်းနဲ့ ဆက်လက်လျှောက်လှမ်းနေသမျှ ကာလပတ်လုံး ဒီချိုင့်ဝှမ်းထဲကနေ မကြာမီ အလင်းသစ်ဆီသို့ ထွက်မြောက်ရမယ်ဆိုတာကို ယုံကြည်ပါ။
ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်
"အဖဘုရားသခင်... မှောင်မိုက်သော သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းကို ဖြတ်သန်းရချိန်မှာပင် ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ ရှိနေကြောင်း ယုံကြည်ပါ၏။ ကြောက်ရွံ့ခြင်းများကို ဖယ်ရှားပေးပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ်တော်ကို ယုံကြည်ကိုးစားလျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းနိုင်သော ခွန်အားကို ပေးသနားတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။"