မိတ်ဆွေ ရေ… သင့်မှာ နည်းပြဆရာတစ်ယောက်ဆေ ရှိတယ်!
မိတ်ဆွေ ရေ… ယခု သင် ဖြတ်သန်းနေရတဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လေ့ကျင့်ရေးစခန်းထဲမှာ ရောက်ရှိနေသလိုပါပဲ။ သင် ကြုံတွေ့နေရသမျှ အခြေအနေတိုင်းဟာ သင့်ကို ပုံသွင်းဖို့၊ သွန်သင်ဖို့နဲ့ သာ၍ကြီးမြတ်တဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
“ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည်စစ်တိုက်၍၊ လက်ချောင်းတို့လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏။”
ဥပမာအားဖြင့် အောင်မြင်တဲ့ အားကစားသမားတွေကို ကြည့်ပါ။ သူတို့အားလုံးဟာ ပြင်းထန်လှတဲ့ လေ့ကျင့်မှုကာလတွေကို ဖြတ်သန်းကြရပါတယ်။ အဲ့ဒီကာလဟာ—
ခန္ဓာကိုယ်အတွက် ခက်ခဲနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲနိုင်ပါတယ်။
ခံစားချက်ပိုင်းဆိုင်ရာအရလည်း ခက်ခဲနိုင်ပါတယ်။
တစ်ခါတစ်ရံ သင့်ဘဝတစ်ခုလုံး ဖိအားအောက် ရောက်နေသလို ခံစားရနိုင်ပြီး “ငါတော့ ဆက်ပြီး မခံနိုင်တော့ဘူး” လို့ ထင်ရနိုင်ပါတယ်။ သို့သော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် သင် ပြိုလဲသွားမှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဒီလို ပြောထားလို့ပါပဲ-
“ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- ညှဉ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။-”
သင့်ကောင်းကင်ဖခင်ဟာ သင့်အနာဂတ်အတွက် သင့်ကို ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ သင် ဘယ်လောက် တတ်နိုင်ကြောင်းနဲ့ ဘယ်လောက် ခံနိုင်ရည်ရှိကြောင်း အသိဆုံး ဖြစ်ပါတယ်။
မိတ်ဆွေ ရေ… ဘုရားသခင်ကိုပဲ စေ့စေ့ကြည့်ရှုပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းပါ။ ဘယ်အခြေအနေမျိုးမှာမှ လက်မလျှော့ပါနဲ့။ ဘုရားသခင်ဟာ ကောင်းမြတ်သော နည်းပြဆရာတစ်ပါးကဲ့သို့ သင့်ဘေးမှာ အမြဲတမ်း ရပ်တည်ပေးနေပါတယ်။
သူက သင့်ကို ဒီလို မေတ္တာနဲ့ မိန့်တော်မူနေပါတယ်-
“ငါ့သား၊ ငါ့သမီး… သင် လုပ်နိုင်တယ်။ သင် အောင်မြင်ကျော်လွှားနိုင်တယ်။ ငါ သင်နဲ့အတူ ရှိတယ်။ ငါ သင့်ကို ကူညီမယ်။”
ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင် -
“အဖဘုရား… ကျွန်ုပ် မည်မျှ တတ်နိုင်ကြောင်းနဲ့ မည်မျှ ခံနိုင်ရည်ရှိကြောင်း သိတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ် ဖြတ်သန်းနေသမျှ အရာအားလုံးမှာ ရည်ရွယ်ချက်တစ်ခု ရှိကြောင်း ယုံကြည်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်၏ လက်များကို စစ်တိုက်ရန် သင်ကြားတော်မူပြီး၊ လက်ချောင်းများကို တိုက်ခိုက်ရန် လေ့ကျင့်ပေးတော်မူပါတယ်။ ကျွန်ုပ်သည် လက်မလျှော့ဘဲ ဇွဲရှိရှိ ဆက်လက်လျှောက်လှမ်းပြီး ကိုယ်တော်၏ အသံတော်ကိုသာ နားထောင်ပါမည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”