ယေရှုခရစ်တော်နှင့်အတူ အနားယူပါ !
ဒီတစ်ပါတ်တာ မှာ “ယေရှုရစ်တော်နှင့်အတူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကို လေ့လာနေကြတာ ဖြစ်ပြီး ဒီနေ့ကတော့ နောက်ဆုံးနေ့ ဖြစ်ပါတယ် ။
တစ်ခါတလေမှာ ကျွန်မတို့ရဲ့ ကွန်ပျူတာတွေ ၊ ဖုန်းတွေဟာ အလုပ်တွေ အရမ်းများလာတဲ့အခါ လေးလံလာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် အဖြေကတော့ Restart (ပြန်လည်စတင်ခြင်း) လုပ်လိုက်ဖို့ပါပဲ။ Screen ဟာ စက္ကန့်အနည်းငယ်လောက် မှောင်သွားပြီးနောက် စနစ်က သင့်ကို စကားဝှက် ပြန်တောင်းပါလိမ့်မယ်။ Restart လုပ်ပြီးနောက်မှာ စက်ဟာ ပိုမိုမြန်ဆန် ကောင်းမွန်စွာ အလုပ်လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။
အဲ့လိုပဲ ကျွန်မတို့ အသက်တာမှာလည်း အနားယူချိန်က လိုအပ်ပါတယ် ။ မနားမနေပဲ ကိုယ့်ရဲ့ အသက်တာကို မောင်းနှင်နေခြင်းက စက်လေးနေတဲ့ ဖုန်းတစ်လုံးကို အပူခံပြီး ဆက်သုံးနေတာနဲ့ တူပါတယ် ။ ဖုန်းက မလုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး ။ ခဏလေးအနားပေးဖို့ လိုအပ်နေတာပါ ။
အနားယူခြင်းလို့ ပြောတဲ့အခါ မိမိစိတ်ကြိုက် လုပ်ချင်တာတွေလုပ် ပြီး လူတွေရဲ့ အဝေး ၊ ဘုရားရဲ့ အဝေးမှာ နေလိုက်ခြင်းကို ပြောတာမဟုတ်ပါဘူး ။ စိတ်နဲ့ ခန္ဓာ အနားရဖို့ အပန်းဖြေ ခရီး (သို့) အိမ်မှာ တနေကုန် အိပ်ရင်း နဲ့ အနားယူသည့်တိုင် သင့်ရဲ့ ဝိညာဉ်ကတော့ ဘုရားရဲ့ မျက်မှောက်တော်က လွဲရင် ဘယ်နေရာမှာမှ အနားမရပါဘူး …
ဒါကြောင့် နားတဲ့အခါ သခင် နဲ့နားတတ်ဖို့လိုပါတယ် ။ ကျွန်မတို့ သခင်ယေရှုဟာ ကျွန်မတို့နဲ့ အတူ အချိန်ကုန်ဆုံးချင်တဲ့ ဘုရားဖြစ်ပါတယ် ။
သာယာတဲ့ နေရာလေးကို ကြည့်ရင်း အတူတူ ဖြတ်သန်းချင်တယ်
စာအတူတူ ဖတ်ရင်း သင့်ကို စကားပြောချင်တယ်
သင်နဲ့ အနီးဆုံးမှာရှိရင်းနဲ့ သင်နဲ့ စကားအပြန်အလှန် ပြောချင်သော သင့်ကို အချစ်ရဆုံး ၊ တန်ဖိုးအထားဆုံး ဘုရားသခင် ဖြစ်ပါတယ် ။
ဒါကြောင့် ဒီလို အနားယူခြင်းမျိုး သင့်အသက်တာထဲမှာ လိုကို လိုအပ်နေပါတယ် …
ဘုရားသခင် ကိုယ်တိုင်လည်း အနားယူခဲ့တယ်ဆိုတာ သင် သိပါသလား? ကမ္ဘာကြီးကို ခြောက်ရက်တိုင်တိုင် ဖန်ဆင်းပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ကိုယ်တော် ကိုယ်တိုင် အနားယူခဲ့ပါတယ်။ အဲဒီနောက် ပညတ်တော်ဆယ်ပါးမှာလည်း ကိုယ်တော့်ရဲ့ လူမျိုးတွေအတွက် အနားယူခြင်းဖြစ်တဲ့ “ဥပုသ်နေ့” ကို ပြဌာန်းပေးခဲ့ပါတယ်။
သင် ပင်ပန်းနွမ်းနယ်နေပါသလား? ဝန်လေးနေပါသလား? အားအင်ကုန်ခမ်းနေပါသလား? အခုပဲ ယေရှုထံသို့ လာပါ။
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။-” ရှင်မဿဲ 11:28
ဒီနှုတ်ကပါတ်တော်အတိုင်း ယေရှုဘုရားဟာ သင့်ရဲ့ သိုးထိန်းဖြစ်ပြီး သင့်ကို ခန္ဓာပိုင်းဆိုင်ရာ အနားယူခြင်းသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ အနားယူခြင်းကိုပါ ပေးပါလိမ့်မယ်။
“သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” ဟေရှာယ 26:3
မိတ်ဆွေ ရေ... ဒီနေ့မှာ သင်လုပ်ဆောင်နိုင်တဲ့ အရာကတော့ ယေရှုခရစ်တော်နဲ့ အတူ ဘာကိုမှမတွေးပဲ အနားယူလိုက်ပါ ။ မိနစ်အနည်းငယ်လောက် နေ့စဉ် အချိန်ပေးပြီး ယေရှုထံ ချဉ်းကပ်ပါ၊ သခင့်ကို သင့်နှလုံးသားရဲ့ ဒါဏ်ရာ အနာတရတွေအတွက် ကုသခွင့်ပေးလိုက်ပါ။
ဘုရားသခင်နှင့်အတူ အနားယူခြင်းက သင့်ကို ပြည့်စုံစေပါလိမ့်မယ် 🤍