ပြီးပြည့်စုံသော မေတ္တာတော်ထဲသို့ ခြေလှမ်းပါ !
မိတ်ဆွေ ရေ... ဘုရားသခင်ရဲ့ မေတ္တာက တကယ့်ကို ပြည့်စုံလွန်းလှပါတယ်။ ဘယ်လောက်တောင် ပြီးပြည့်စုံသလဲဆိုရင် အဲဒီမေတ္တာကို ပိုပြီးကောင်းအောင်၊ ပြည့်စုံအောင် ကျွန်မတို့ဘက်က ထပ်ပြီး ဖြည့်စွက်လုပ်ဆောင်စရာ ဘာတစ်ခုမှ မလိုတော့တာပါ။ ဘုရားသခင်ရဲ့ မေတ္တာတော်က သင့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်တွေ၊ ကွက်လပ်တွေကို ကွက်တိ အတိအကျ ဖြည့်ဆည်းပေးနိုင်ပါတယ် ။
ဟေရှာယအနာဂတ္တိကျမ်း ၅၄:၁၀ မှာ “တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။”
ဒီနေ့မှာတော့ “ဘုရားသခင်ရဲ့ မေတ္တာတော်ထဲသို့ ခြေလှမ်း” ဖို့ပဲ ဖြစ်ပါတယ် ။
လောကမှာ မပြောင်းလဲဘူးလို့ ထင်ရတဲ့ တောင်ကြီးတောင်ငယ်တွေတောင် တစ်နေ့မှာ ရွေ့လျား သွားနိုင်ပေမယ့် ... မိတ်ဆွေ ရေ... သင့်အပေါ်မှာ ထားတဲ့ ဘုရားသခင်ရဲ့ ကရုဏာနဲ့ မေတ္တာကတော့ ဘယ်တော့မှ ရွေ့လျားသွားမှာ မဟုတ်ပါဘူး…
ထိုမေတ္တာတော်ဟာ ခြောက်သွေ့အက်ကွဲနေတဲ့ မြေပေါ်မှာ ရွာတဲ့ အေးမြတဲ့ မိုးရေလိုပါပဲ .. ပူပြင်းလွန်းတဲ့ နွေရာသီအလယ်မှာ တိုက်ခတ်ပေးတဲ့ လန်းဆန်းတဲ့ လေပြေညင်းလိုပါပဲ..
အေးစက်နေတဲ့ ဆောင်းရာသီမှာ နှလုံးသားကို နွေးထွေးစေတဲ့ မီးလျှံလိုပါပဲ ..
ဘုရားသခင်ရဲ့ အချစ်က သင့်ကို ဘယ်လို အခြေအနေ မျိုးမှာမဆို ပြီးပြည့်စုံစေပါတယ် ။ ဘုရားသခင်က သင့်ကို အတိုင်းအဆမရှိ ချစ်တာပါ။
မနက်ခင်းတိုင်းမှာ ကောင်းကင်ကနေ ဖြာကျလာတဲ့ နေရောင်ခြည်နွေးနွေးလေးတွေဟာ သင့်ကို အရမ်းချစ်ကြောင်း ကိုယ်တော်ကိုယ်တိုင် နေ့တိုင်းရေးပေးနေတဲ့ မေတ္တာစာစောင်လေးတွေ ဖြစ်ပါတယ် (လုကာ ၁:၇၈-၇၉)။
ဒီပြည့်စုံတဲ့မေတ္တာကို အရှိကိုအရှိအတိုင်း ယုံကြည်ခြင်းနဲ့ပဲ ဒီနေ့မှာ လှမ်းပြီး လက်ခံလိုက်ပါ ! ဘုရားသခင်က သင့်ကို တခြားသူနဲ့ တူအောင် ပြောင်းလဲမှ ချစ်မှာမဟုတ်ပါဘူး၊ သင့်ရဲ့ အရှိအတိုင်းကိုပဲ အပြည့်အဝ ချစ်တာ ၊ မြတ်နိုးတာပါ။ ဒီချစ်ခြင်း က သင့်ကို ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဖြတ်တောက်ပေးမယ့်အပြင်၊ ဝမ်းနည်းခဲ့ရတဲ့ မျက်ရည်တွေကို သုတ်ပေးပြီး နှလုံးသားထဲက ဒဏ်ရာတွေကို အမြစ်ပြတ် ကုသပေးပါလိမ့်မယ်။
ဒီနေ့မှာ ကိုယ်တော့်မေတ္တာထဲမှာ နားခိုရင်း ကျွန်မနဲ့အတူ ဝန်ခံဆုတောင်းကြရအောင် …
“အဖဘုရား၊ ကျွန်ုပ်၏ အသက်တာကို အရှိအတိုင်း ချစ်တဲ့ မေတ္တာတော်အတွက် ကျေးဇူးတင်ပါတယ်။ လောကအရာတွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ ကိုယ်တော့်ရဲ့ ကရုဏာက ကျွန်ုပ်ထံကနေ ဘယ်တော့မှ ရွေ့လျားသွားမှာမဟုတ်ကြောင်း ယုံကြည်ပါတယ်။ ဒီနေ့မှာ နှလုံးသားဒဏ်ရာတွေကို ကုသပေးတဲ့ ကိုယ်တော့်ရဲ့ မေတ္တာတော်ကို ခံယူလျက်၊ လွတ်မြောက်ခြင်း ၊ ငြိမ်သက်ခြင်းနဲ့အတူ ‘နောက်ထပ်ခြေတစ်လှမ်း’ ကို ဆက်လက်လှမ်းပါမည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
ပြည့်စုံသော မေတ္တာတော်ကို အမှီပြုလျက်၊ နောက်ထပ်ခြေတစ်လှမ်းကို လှမ်းလိုက်ပါ 🤍