သင့်အထဲမှာ ယေရှုဘုရား အသက်ရှင်တယ် !
မိတ်ဆွေ ရေ...
ဒီနေ့ဟာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်များကို လေ့လာခြင်း ရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ် ။
ယေရှုခရစ်တော်ကို ယုံကြည်တဲ့ သူတွေရဲ့ အသက်တာဟာ ဘယ်တော့မှ အထီးကျန်တဲ့အရာ ၊ စိတ်ဓာတ်ကျတဲ့ အရာတွေနဲ့ အဆုံးသတ်ရမှာ မဟုတ်ပါဘူး !
ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖြစ်ခြင်းကို ပြန်လည် သတိရဖို့ လိုပါတယ် ။ နှုတ်ကပါတ်တော်ထဲမှာ ဒီလိုဖော်ပြထားပါတယ် ။
“ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ -”
ဇာတိနဲ့ ဆိုင်တဲ့ ကျရှုံးမှုတွေက လက်ဝါးကားတိုင်မှာ ချိတ်ဆွဲခဲ့ပြီးပါပြီ !
သင့်အထဲမှာ ရှိနေတဲ့သူက စကြာဝဠာကို ဖန်ဆင်းပြီး လောကကို အောင်မြင်တော်မူသော ယေရှုခရစ်တော်ဘုရား ကိုယ်တော်တိုင် ဖြစ်တယ် ဆိုတာ မမေ့လိုက်ပါနဲ့ !
သင့်အထဲမှာ အသက်ရှင်နေတဲ့ ယေရှုဘုရားဟာ အရှုံးပေးတတ်တဲ့ ဘုရားမဟုတ်သလို၊ အခြေအနေတွေအောက်မှာ လဲပြိုသွားမယ့် ဘုရားလည်း မဟုတ်ပါဘူး။ ကိုယ်တော်ဟာ သေခြင်းတန်ခိုးကိုပင် အောင်မြင်ပြီး ရှင်ပြန်ထမြောက်ခဲ့တဲ့ အသက်ရှင်ခြင်းတန်ခိုးတော် ရှိသော ဘုရားသခင် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဘဝရဲ့ အခြေအနေတွေက ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ၊ သင့်အထဲမှာ ရှိနေတဲ့ ထိုအသက်ရှင်ခြင်းတန်ခိုးတော်ဟာ သင့်ကို ယခုကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားအောင်မြင်စေမှာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် စိန်ခေါ်မှုတွေကို ကိုယ့်အင်အားနဲ့တင် ရင်မဆိုင်ပါနဲ့။ သင့်အထဲမှာ အသက်ရှင်နေတဲ့ ယေရှုဘုရားကိုပဲ နေရာပေးပြီး ကိုယ်တော့်ရဲ့ ခွန်အားကို အမှီပြုလိုက်ပါ။ သင်ဟာ အားနည်းနေတယ်လို့ ခံစားရတဲ့ အချိန်မှာတောင် သင့်အထဲက ယေရှုဘုရားကတော့ အစဉ်အမြဲ အားကြီးတော်မူပြီး သင့်ကို အောင်မြင်ခြင်းလမ်းဆီသို့ ပို့ဆောင်ပေးနေပါတယ်။
မိတ်ဆွေ ရေ… ဒါလေးကို ဝန်ခံကြရအောင် …
“သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။” အာမင် !
ယုံကြည်ခြင်းနဲ့အတူ ကျွန်မတို့ အတူတကွ ဆုတောင်းကြရအောင်...
“ယေရှုဘုရားရှင် … ကိုယ်တော်သည် ကျွန်ုပ်အထဲ၌ ကျိန်းဝပ်အသက်ရှင်တော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကျွန်ုပ်၏ ကိုယ်ပိုင်ခွန်အားနည်းနေချိန်မှာပင် ကိုယ်တော့်အားဖြင့် ကျွန်ုပ်သည် အားကြီးသောသူ ဖြစ်ရသောကြောင့်ကျေးဇူးတင်ပါတယ် ။ ဘဝရဲ့ စိတ်ပျက်စရာ အခြေအနေမှန်သမျှကို ကိုယ်တော့်တန်ခိုးတော်အားဖြင့် အောင်မြင်ပြီ ဖြစ်ကြောင်း ဝန်ခံ အတည်ပြုကြတယ် ။ ယေရှုနာမ၌ ဆုတောင်းပါ၏ ။ အာမင်။”
သင့်ခွန်အားနဲ့ မတတ်နိုင်တဲ့ အရာများကို ယေရှုခရစ်တော်အားဖြင့် တတ်နိုင်ကြောင်း အစဉ်အမြဲ ဝန်ခံလိုက်ပါ 🤍