ဘုရားသခင်ကို အုပ်စိုးခွင့်ပေးလိုက်ပါ !
မင်္ဂလာပါ မိတ်ဆွေ ရေ...
ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို အတူတကွ ဆင်ခြင်နေကြတာ ဖြစ်ပါတယ်
မိတ်ဆွေ ကို တခုလောက်မေးချင်ပါတယ် …
ဘဝရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အခြေအနေအရပ်ရပ်ကို သင့်သဘောအတိုင်း မဟုတ်ဘဲ ဘုရားသခင်ကို လုံးလုံးလျားလျား အုပ်စိုးခွင့်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာ ဆင်ခြင်ကြည့်ဖူးပါသလား ?
ဒါလေးကို ပြန်လည် ဆင်ခြင်ကြည့်ရအောင် !
ဘုရားသခင် ဟာ ထာဝရဘုရားသခင်ဖြစ်ပါတယ် ။ ထာဝရတိုင် မပျောက်ပျက်တဲ့ အစ နဲ့ အဆုံးဖြစ်တဲ့ တန်ခိုးအကြီးမားဆုံးသော ဘုရားသခင်ဖြစ်ပါတယ် ။ ဘုရားသခင်ကိုယ်တော်တိုင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး၊ ဖန်ဆင်းခြင်းအရာအားလုံးအပေါ်မှာ အကြွင်းမဲ့ အုပ်စိုးသော ၊ အခွင့်အာဏာ ရှိတော်မူသောအရှင် ဖြစ်ပါတယ် ။
“ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။”
ဘုရားသခင် ဟာ သူမတတ်နိုင်တဲ့ အရာကို ဘယ်တော့မှ မပြောခဲ့သလို မတတ်နိုင်တဲ့ အရာဆိုတာလည်း တစ်ခုမှ မရှိပါဘူး !
ကျွန်မတို့က ဒီလို ဖြစ်တတ်တယ် ! တခါတလေ ဘုရားကို ပေးပြီးသား အရာတွေကို ပြန်ပြီး လှည့်ကြည့်ကြတယ် ၊ ပြန်ယူတတ်ကြတယ် ။ စိတ်မချတတ်ကြဘူး ! အဲ့ဒါကပဲ ကျွန်မတို့ကို မငြိမ်မသက်ဖြစ်စေတာပါ ။
ဥပမာ - ကုသခြင်းခံယူနေတဲ့ ဒါဏ်ရာ တခုကို ထပ်ခါထပ်ခါ အနာမကျက်ခင် ထိုးဆွ နေရင် အဲ့ဒီအနာက မြန်မြန် ကျက်မှာ မဟုတ်ပါဘူး ။ လုံးလုံးလျားလျား စိတ်ချလိုက်ပြီး ကုသမှုကို ဆက်လက် ခံယူနေဖို့လိုပါတယ် ။ ဒါမှသာ အချိန်တန်တဲ့အခါ ကျန်းမာခြင်းကို ခံစားရမှာ ဖြစ်ပါတယ် ။
သင့်အသက်တာမှာလည်း သင့်ကိုဖိစီးနှိပ်စက်နေတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးမှန်သမျှကို ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်လာပြီး ကိုယ်တော့်ထံမှာပဲ ချထားလိုက်ပါ။ သင့်နှလုံးသားကို လေးလံစေတဲ့ အရာမှန်သမျှကို ဘုရားသခင်အား ရင်ဖွင့်ပြောပြလိုက်ပါ။ ပေးပြီးသွားရင်လည်း ပြန်မလှည့်ကြည့်ပါနဲ့တော့ !
“သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။”
နှုတ်ကပါတ်တော်အတိုင်း ယေရှုဘုရားထံ လုံးလုံးလျားလျား အပ်လိုက်ပါ !
အကယ်၍ ထိုစိုးရိမ်ပူပန်မှုတွေက သင့်ဆီ ပြန်လည်ရောက်ရှိလာရင်တောင် မတုန်လှုပ်ပါနဲ့။ ဘုရားသခင်ရဲ့ အဖြေဟာ လမ်းခရီးမှာ ရောက်ရှိနေပြီဖြစ်ကြောင်း ယုံကြည်ပြီး ကျေးဇူးတော်ပဲ ဆက်လက် ချီးမွမ်းလိုက်ပါ…
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဆုတောင်းခြင်းဟာ သင့်ကို စိုးရိမ်ခြင်းကနေ လွတ်မြောက်စေပြီး ဘုရားသခင်ရဲ့ မျက်မှောက်တော်နှင့် ကတိတော်များအပေါ်မှာပဲ အာရုံစိုက်စေဖို့ ကူညီပေးပါလိမ့်မယ် …
မိတ်ဆွေ ရေ… အတူတကွ ဆုတောင်းကြရအောင်...
“အို ဖန်ဆင်းရှင် ဘုရားသခင်…
ကိုယ်တော်သည်သာလျှင် ဘုရားသခင်ဖြစ်ပါတယ် ။ ကိုယ်တော်ဟာ အစိုးရခြင်းနှင့် အချုပ်အခြာအာဏာ ရှိသမျှကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ပါတယ်။ ကျွန်ုပ်၏ ဝန်ထုပ်ဝန်ပိုးများကို ကိုယ်တော့်ထံ ယူဆောင်လာပြီး ခြေတော်ရင်းမှာ အပ်နှံချထားပါတယ် ။ ယခုအချိန်မှစ၍ ကျွန်ုပ်ရဲ့ အခြေအနေ အားလုံးကို ကိုယ်တော်တိုင် အုပ်စိုးစီရင်တော့မှာ ဖြစ်လို့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ် .. ကိုယ်တော့်ထံ၌ စိတ်ချပြီး အလုံးစုံ ပေးအပ်ပါတယ် ။ စိတ်ပျက်အားလျော့ခြင်းထဲကနေ ကိုယ်တော့်ကို ယုံကြည်လျက်ပြန်ထပါတယ် ။ ပြန်လည် ခွန်အားရှိစေလို့လည်း ကျေးဇူးတင်ပါတယ် ။ ယေရှုနာမ၌ ဆုတောင်းပါသည် အာမင်။”
ဘုရားသခင်ထံ ရှိသမျှအားလုံး ပေးအပ်လိုက်ပါ 🤍