အလိမ်အညာတွေကို မောင်းထုတ်ပစ်လိုက်ပါ!
တခါတလေ ကျွန်တော်တို့ အတွေးထဲမှာ ဒီလို အတွေးတွေ ရောက်လာဖူးပါသလား?
“ဘုရားသခင် မင်းကို မေ့သွားပြီ!”
“မင်းက ဘာမှဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး!”
“မင်း အထီးကျန်နေပြီ!”
“မင်းရဲ့ အိမ်မက်တွေက ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး!”
“မင်းက အသုံးမကျတဲ့ လူရှုံးပဲ!” အစရှိသဖြင့်ပေါ့။
စိတ်မကောင်းစရာကတော့... ဒီလိုအတွေးတွေဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို လွှမ်းမိုးချုပ်ကိုင်ပြီး ဒုက္ခပေးလွန်းလို့ ရံဖန်ရံခါမှာ ကျွန်တော်တို့ လမ်းပျောက်သွားတတ်ကြပြီး ကျွန်တော်တို့ရဲ့ အဖေအစစ်အမှန်က ဘယ်သူလဲဆိုတာကိုပါ မေ့လျော့သွားတတ်ကြပါတယ်။
တစ်ခါတစ်ရံမှာ ဒီလိုဖျက်ဆီးတတ်တဲ့ အတွေးတွေဟာ မိမိကိုယ်တိုင်ဆီက လာတာဖြစ်ပြီး၊ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ ဝိညာဉ်ရဲ့ ရန်သူ (မာရ်နတ်) ဆီကနေ လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် “လိမ်လည်ခြင်းရဲ့အဖ” လို့ ခေါ်တဲ့ မာရ်နတ်ရဲ့ရှေ့မှာ ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်ရမယ့် နည်းလမ်းကတော့... ကျွန်တော်တို့ရဲ့ မျက်စိကို ဘုရားသခင်ထံ၌သာ အမြဲအာရုံပြုထားဖို့ ဖြစ်ကြောင်း ယေရှုခရစ်တော်က ပြသပေးခဲ့ပါတယ်။
“ယခုမှစ၍ ငါသည်သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။-” ရှင်ယောဟန် 14:30
မိတ်ဆွေ ၊ မာရ်နတ်ကို သင့်ဘာသာသင် ကိုယ်ပိုင်ခွန်အားနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့။ ယေရှုခရစ်တော်က သူ့ကို အရင်ကတည်းက အောင်နိုင်ပြီးသား ဖြစ်ပါတယ်!
ဒါကြောင့် ယေရှုခရစ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းထဲက ကယ်ထုတ်ခဲ့သလိုပဲ... သင့်ဖခင်ရဲ့ မေတ္တာတော်က သင့်ကို ဒီကန္တာရထဲကနေ အပြင်ကို ခေါ်ထုတ်လာမယ်ဆိုတာကို ယုံကြည်လိုက်ပါ။ ဘုရားသခင်ကသာ သင့်ရဲ့ ဖြစ်တည်ခြင်းအစစ်အမှန် (Identity) ကို ပိုင်ဆိုင်တဲ့အရှင် ဖြစ်ပြီး၊ သင့်အကြောင်းအရာအားလုံးကို သိပြီး သင့်ကို အပြည့်အဝ ချစ်သော ဘုရားသခင် ဖြစ်ပါတယ်။
ရန်သူမှာ ရှိတဲ့တန်ခိုးဆိုတာ... ကျွန်တော်တို့ကိုယ်တိုင်က သူ့ကို ပေးလိုက်တဲ့ ခွင့်ပြုချက် အခွင့်အာဏာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သင့်ရဲ့ အတွေးအခေါ်တွေကို အဖခမည်းတော်အားဖြင့် အသစ်ပြုပြင်ခွင့် ပေးလိုက်ပါ။ ရန်သူပေးတဲ့ အလိမ်အညာတွေကို ဒီနေ့မှာပဲ အကုန်ရှင်းထုတ်လိုက်ပါ။
သင် လိုအပ်တဲ့အရာ မှန်သမျှဟာ သင့်ရဲ့ အဖဘုရားသခင်ထံမှာပဲ ရှိတာဖြစ်ပြီး အခြား ဘယ်နေရာမှာမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ဘုရားသခင်ရဲ့ ချစ်ရတဲ့ သား၊ သမီးတွေ ဖြစ်လို့ပါပဲ!