ဘယ်လိုဆုတောင်းရမလဲ?
ကျွန်တော့်လိုပဲ မိတ်ဆွေကော... ဘုရားသခင်ထံ ဆုတောင်းတဲ့အခါ စိတ်ပျက်အားငယ်မှုတွေကြောင့်ဖြစ်စေ၊ အလေ့အထအရဖြစ်စေ ဘာမျှော်လင့်ချက်မှ မပါတော့ဘဲ စက်ရုပ်လို “အလိုအလျောက်” ရွတ်ဆိုဆုတောင်းမိတဲ့ အချိန်တွေ ရှိဖူးပါသလား။
ယေရှုခရစ်တော်က နှုတ်ကပတ်တော်ထဲမှာ ဒီလိုပြောထားပါတယ်။
“တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။- တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။-” ရှင်လုကာ 11:9-10 JBMLE
ဘုရားသခင်ဟာ အမှုအရာအကြီးအသေးမရွေး မိမိရဲ့ သားသမီးတွေကို ကောင်းကြီးပေးရတာကို အလွန်အမင်း ဝမ်းမြောက်နှစ်သက်တော်မူတဲ့ "ဖခင်" ဖြစ်ပါတယ်။
မိတ်ဆွေ၊ ဒါကြောင့် သင့်ရဲ့ ခံစားချက်တွေကို ဘုရားသခင်ထံ ရိုးရိုးသားသားနဲ့ စစ်မှန်စွာ ဖွင့်ဟပြောဆိုဖို့ မကြောက်ပါနဲ့။ ဂေသရှေမန်ဥယျာဉ်ထဲက ယေရှုလိုပဲ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဘုရားသခင်ရဲ့ အကြံအစည်တော်ကို နားမလည်နိုင်တဲ့ အခြေအနေတွေကိုပါ ဘုရားသခင်ထံ ရင်ဖွင့်နိုင်ပါတယ်။ ဘုရားသခင်ဟာ စိတ်ဆိုးအမျက်ထွက်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ တောင်းသမျှအရာတိုင်းကို ဘုရားသခင်က "yes" လို့ ဖြေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆုတောင်းခြင်း၌ စွဲမြဲစွာ ဆက်ကပ်လာတဲ့အခါ ကျွန်တော်တို့ရဲ့ အလိုဆန္ဒတွေဟာ အဖခမည်းတော်ရဲ့ နှလုံးသားနဲ့ တစ်ထပ်တည်း ဖြစ်လာပါလိမ့်မယ်။
မိတ်ဆွေ၊ ဘုရားသခင် သင့်အတွက် ကြံစည်ထားတဲ့အရာဟာ အကောင်းဆုံးအရာပဲ ဖြစ်ပါတယ်။ ဆုတောင်းခြင်းဆိုတာ တစ်ဖက်သက် စကားပြောခြင်း (Monologue) မဟုတ်ပါဘူး။ နှစ်ဦးအပြန်အလှန် စကားပြောခြင်း (Dialogue) ဖြစ်ပါတယ်။ သင့်ဘက်က ရင်ဖွင့်ပြောဆိုရုံတင်မဟုတ်ဘဲ ဘုရားဘက်က ပြောလာမယ့် အသံတော်ကိုလည်း နားစွင့်ဖို့ရန် နှလုံးသားကို အသင့်ပြင်ထားပါ။ ဘုရားသခင်ဟာ သင့်ရင်ဖွင့်သံကို နားထောင်ဖို့ရန် စိတ်လှုပ်ရှားနေသော ဘုရားသခင်ဖြစ်ပါတယ်။ ယခုပဲ ရင်ဖွင့် ဆုတောင်းလိုက်ပါ။