သင့်ကို ချစ်သော ဖခင်…
ကျွန်တော်တို့ဟာ ဒီတစ်ပတ်တာမှာ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာအကြောင်းကို လေ့လာနေကြတာ ဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတာက... ကျွန်တော်တို့ထဲက အများစုဟာ ဖခင်ဖြစ်သူက ပစ်ခွာသွားလို့ဖြစ်စေ၊ အချိန်မတိုင်ခင် စောစီးစွာ ကွယ်လွန်သွားလို့ဖြစ်စေ "ဖခင်မရှိခြင်း" ဆိုတဲ့ နာကျင်မှုကို ကြုံတွေ့ခဲ့ကြရပါတယ်။
ဒါကြောင့်ပဲ မိမိကိုယ်ကိုယ် "ခမည်းတော်" လို့ ခေါ်တော်မူတဲ့ ဘုရားသခင်ရဲ့ မေတ္တာတော်ကို အပြည့်အဝ လက်ခံခံစားဖို့ ရုန်းကန်နေရတတ်ပါတယ်။
ဒါပေမယ့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကပဲ ကျွန်တော်တို့ရဲ့ ဒဏ်ရာမှန်သမျှကို ကုစားပေးနိုင်တဲ့ တစ်ခုတည်းသော သော့ချက် ဖြစ်ပါတယ်။
ဘုရားသခင်ဟာ မိမိကိုယ်ကို "အဖခမည်းတော်" အဖြစ် ထင်ရှားစေဖို့ရန် ယေရှုခရစ်တော်ကို ဤလောကသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယေရှုကလည်း ဒီလို ပြောခဲ့ပါတယ်-
“သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။” ရှင်ယောဟန် 14:7 JBMLE
မိတ်ဆွေ ၊ ယေရှု ပြုမူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးဟာ သူ့ကို စေလွှတ်တော်မူသော အဖခမည်းတော်ရဲ့ နှလုံးသားကို ထင်ရှားစေတာဖြစ်ပြီး ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီအရာအတွက် ထင်ရှားလှတဲ့ သာဓကတစ်ခု ရှိပါတယ်- မှားယွင်းခြင်းအမှုကိုပြုတာကြောင့် အဖမ်းခံရပြီး အပြစ်တင် စွပ်စွဲနေကြတဲ့ လူအုပ်ကြီးရှေ့မှာ အမျိုးသမီးတစ်ယောက်ကို ယေရှု ကာကွယ်ပေးခဲ့တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ယေရှုဟာ ထိုအမျိုးသမီးကို စီရင်ခြင်းမပြုဘဲ မေတ္တာအားဖြင့် ထူမတ်ပေးခဲ့ပြီး အပြစ်ကို လွှတ်ပေးခဲ့ပါတယ်။
အထူးကဲဆုံးသော သာဓကကတော့... ကျွန်တော်တို့တစ်တွေ အဖခမည်းတော်နဲ့ မိဿဟာယ ပြန်လည်ဖွဲ့နိုင်ကြဖို့အတွက် ယေရှုခရစ်တော်ဟာ မိမိအသက်ကို စွန့်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သင့်ကို ဖခင်တစ်ယောက်လို ချစ်နေတဲ့ ဘုရားသခင်ရဲ့ ရင်ခွင်တော်ထဲကို မစိုးရိမ်မကြောက်ရွံ့ဘဲ ချဉ်းကပ်လိုက်ပါ။ ဘုရားသခင်ဟာ သင့်အသက်တာထဲမှာ အမှုပြုခဲ့တဲ့ အချိန်တွေ၊ သင့်ကို ငြိမ်သက်ခြင်း ပေးခဲ့တဲ့အချိန်တွေနဲ့ သင့်နှလုံးသားဒဏ်ရာတွေကို ကုစားပေးခဲ့တဲ့ အချိန်တိုင်းကို ပြန်လည်အောက်မေ့ ဆင်ခြင်ကြည့်ပါ။
ထိုကောင်းကင်ဖခင်ဟာ သင်သူ့ကို မသိခင်ကတည်းက သင့်ကိုသိပြီး၊ သင်သူ့ကို မချစ်တတ်ခင်ကတည်းက သင့်ကို ချစ်သော ဘုရားသခင်ဖြစ်ပါတယ်။
သင်ဟာ နေ့တိုင်းမှာ အချစ်ခံရသောသူဖြစ်ပါတယ်။