သင်ကိုယ်တိုင် နိမိတ်လက္ခဏာတွေကို လုပ်ဆောင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ?
ဓမ္မသစ်ကျမ်းထဲက အံ့သြဖွယ်ကောင်းတဲ့ နိမိတ်လက္ခဏာ အမှုအရာတွေကို ဖတ်ရင်းနဲ့ “ဒါကတော့ တပည့်တော်တွေအတွက်ပဲ ကောင်းတာပါ၊ ငါကတော့ ဒီလိုအမှုအရာမျိုးကို ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ပါဘူး” ဆိုပြီး စိတ်ပျက်အားငယ်ဖူးပါသလား?
အဲဒီလို အပိုင်တွေးမထားပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် ယေရှုက ဒီလို အတိအလင်း မိန့်မှာခဲ့လို့ ဖြစ်ပါတယ်-
“ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။- မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။” ရှင်မာကု 16:17-18
မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ်တော်ရဲ့ မနေ့ကကတိတော်ဟာ ဒီနေ့အထိ အကြုံးဝင်နေဆဲ ဖြစ်ပါတယ်! တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ တန်ခိုးတော်ထဲမှာ မလှုပ်ရှားနိုင်အောင် ပိတ်ဆို့ခံရတတ်ပါတယ်။ ဒါဟာ မာရ်နတ်က ကျွန်တော်တို့ကို ယုံကြည်စေတဲ့ အောက်ပါအလိမ်အညာတွေဆီကနေ ခွန်အားယူပြီး လာတတ်တာ ဖြစ်ပါတယ်။ အဲ့တာတွေကတော့-
၁။ “ဒီဘက်ခေတ်မှာတော့ ဒီလိုတန်ခိုးမျိုးတွေ အားနည်းသွားပါပြီ။”
၂။ “ငါ့အသက်တာမှာတောင် နိမိတ်လက္ခဏာ မြင်ရဖို့ မလွယ်တာ၊ သူတစ်ပါးအတွက်ဆို ဝေးသေးတယ်၊ ငါက အသုံးမကျပါဘူး။”
၃။ “ငါက သခင်ဘုရားကို အစေခံဖို့ မထိုက်တန်ပါဘူး။”
၄။ “သူတစ်ပါးကို မစကောင်းကြီးပေးနိုင်ဖို့ ငါက အရင်ဆုံး အရည်အချင်းပြည့်ဝနေရမယ်။” စသဖြင့် အလိမ်အညာတွေဖြစ်ပါတယ်။
ဒါပေမယ့် မိတ်ဆွေ ဘုရားသခင်က သင့်ကို ထူးထူးခြားခြားတွေ လုပ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ သူ့ကို ယုံကြည်ဖို့ပဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ရှင်ယောဟန် ၁၁:၄၀ မှာ ဘာပြောထားလဲဆိုရင်-
“ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။-” ရှင်ယောဟန် 11:40
ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာကို သတိရပါ။ ဘုရားသခင်ဟာ မနေ့၊ ယနေ့၊ ကာလအစဉ်အဆက် မပြောင်းလဲဘဲ တည်ရှိတော်မူထာဝရဘုရား ဖြစ်ပါတယ်။ (ဟေဗြဲ ၁၃:၈ ကိုဖတ်ပါ) မာရ်နတ်ဟာ လိမ်လည်ခြင်းရဲ့အဖ ဖြစ်တယ်ဆိုတာကို သတိရပါ။ သူက သင့်အသက်တာထဲမှာရော သင့်အသက်တာကတစ်ဆင့်ပါ ဘုရားသခင် လုပ်ဆောင်မယ့် အမှုတော်တွေကို သေးသိမ်သွားစေဖို့ သင့်ရဲ့ ဖြစ်ခြင်း (Identity) ကို တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သင့်အသက်တာထဲမှာ ဒီဝိညာဉ်ရေးရာနဲ့ ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို အလေးအနက်ထား လုပ်ဆောင်ဖို့ သင့်ကို ဖိတ်ခေါ်ချင်ပါတယ်-
* ဒီလို အလိမ်အညာတွေနဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကို နေ့စဉ်မှတ်တမ်းစာအုပ် (သို့မဟုတ်) သင့်ဖုန်းထဲမှာ အရင်ဆုံး ချရေးပါ။
* သင့်ရဲ့ ဖြစ်တည်ခြင်းကို ပြန်လည်သတိရပါ- သင်ဟာ ဘုရားသခင်၏ သားသမီးဖြစ်ပြီး ဘုရားသခင်ရဲ့ သဘောသဘာဝ၊ စရိုက်လက္ခဏာနဲ့ တန်ခိုးတော်တွေကို အမွေခံရရှိထားသူ ဖြစ်ပါတယ်။
* သင့်ရဲ့ တိုက်ပွဲတိုင်းမှာ အထောက်အကူပြုမယ့် ကျမ်းချက်တွေကို နှုတ်တိုက်ကျက်မှတ်ပါ။
* မာရ်နတ်ကို သူ့နေရာသူ ပြန်သွားစေဖို့ သမ္မာတရားကို မှန်မှန် ကြွေးကြော်ပါ- သူဟာ အရင်ကတည်းက ရှုံးနိမ့်ပြီးသား ဖြစ်ပါတယ်!
မိတ်ဆွေ စိတ်မပျက်ပါနဲ့... သင် ကျမ်းစာကို ဖတ်ရှုဆင်ခြင်ပြီး ဆုတောင်းလေလေ၊ ဘုရားသခင်အပေါ်ထားတဲ့ သင်၏ယုံကြည်ခြင်းနဲ့ ကိုးစားခြင်းဟာ ပိုမိုတိုးပွားလာလေလေ ဖြစ်ပါတယ်။ သင့်အသက်တာနဲ့ အခြားသူတွေရဲ့ အသက်တာမှာ ဖြစ်ပျက်လာမယ့် နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်အမှုတွေရဲ့ အရှင်သခင်ဟာ ဘုရားသခင်ကိုယ်တော်တိုင်ပဲ ဖြစ်ပါတယ်။ မိတ်ဆွေ ၊ ဒီနေ့ကစပြီး နိမိတ်လက္ခဏာတွေကို မျှော်လင့်တောင့်တလိုက်ပါ။ သင့်အားဖြင့် နိမိတ်လက္ခဏာတွေကို မြင်တွေ့လာပါလိမ့်မယ်။ အာမင်။