သင်ဟာ ကြီးမားတဲ့ အမှုအရာတွေကို လုပ်ဆောင်ဖို့ မွေးဖွားလာသူ ဖြစ်ပါတယ်!
ဒီနေ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုနဲ့ အစပြုချင်ပါတယ်-
“ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။-” ၁ ရှင်ယောဟန် 4:17
နောက်ထပ် တမန်တော်တစ်ဦးဖြစ်တဲ့ ပေတရုကလည်း ရှင်ပေတရုဒုတိယစောင် ၁:၃-၄ ထဲမှာ ကျွန်တော်တို့ဟာ ဘုရားပကတိလို့ခေါ်တဲ့ ဘုရားသခင်ရဲ့သဘောသဘာဝ (တစ်နည်းအားဖြင့် ဘုရားသခင်၏ ဖြစ်တည်ခြင်း အနှစ်သာရ) ကို ဆက်ဆံရသောသူများ ဖြစ်ကြတယ်လို့ သွန်သင်ထားပါတယ်။ ဘုရားသခင်ဟာ သူနှင့်စပ်ဆိုင်တဲ့ အသက်ရှင်ခြင်းနဲ့ ဘုရားဝတ်၌ မွေ့လျော်ခြင်း အရှိတရား အားလုံးကို ကျွန်တော်တို့အထဲမှာ အပြည့်အဝ ပေးသနားထားပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့် တခါတလေ သင့်စိတ်ထဲမှာ အပျက်သဘောဆောင်တဲ့ အတွေးတွေ ဝင်လာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့၊ လမ်းခုလတ်မှာ ရပ်မပစ်လိုက်ပါနဲ့။ လက်မလျှော့လိုက်ပါနဲ့! သင့်မှာ ဘုရားသခင်ကို လိုအပ်နေတယ်ဆိုတာကိုသာ ဝန်ခံလိုက်ပါ။
ကောရိန္သုဒုတိယစောင် ၁၂:၉ ထဲမှာ ဒီလိုပြောထားပါတယ်-
“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။-” ၂ ကောရိန္သု 12:9
စိတ်မပျက်ပါနဲ့... သင့်ရဲ့ အားနည်းချက်တွေနဲ့ ကန့်သတ်ချက်တွေကို ဝန်ခံလိုက်တဲ့ အချိန်မှာပဲ သခင်ဘုရားဟာ သူ့ရဲ့ တန်ခိုးတော်နဲ့ အသက်ရှင်ခြင်းတွေကို သင့်အထဲသို့ သွန်းလောင်းပေးမှာ ဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို ခေါ်ယူထားတဲ့ နယ်ပယ်ထဲမှာ အမှုဆောင်ခြင်း ပြီးမြောက်အောင် သင့်ကို ခွန်အားပေးမယ့်သူဟာ ဘုရားသခင် ကိုယ်တော်တိုင်ပဲ ဖြစ်ပါတယ်။ နေ့ရက်စဉ်တိုင်း သင့်ကို သူ့ရဲ့သဏ္ဍာန်တော်နှင့်အညီ ပိုမိုပုံသွင်းပေးနေတဲ့သူဟာ ကောင်းကင်ဖခင်ပဲ ဖြစ်ပါတယ်။
သင့်အသက်တာမှာ လိုအပ်ချက်တွေရှိတယ် ခံစားရတဲ့ အခါတိုင်း-
၁။ နှိမ့်ချသော နှလုံးသားနဲ့ သခင်ဘုရားထံ ချဉ်းကပ်ပါ။
၂။ သင့်ရဲ့ အားနည်းချက်တွေကို ဖော်ပြပေးဖို့ ဘုရားသခင်ထံ တောင်းလျှောက်ပါ။
၃။ ဘုရားရှေ့မှာ သူ့ရဲ့ သွန်သင်လမ်းပြမှုကို လိုအပ်ကြောင်း ပြောပြပါ။
၄။ သူ့ရဲ့ စကားသံကို နားထောင်ဖို့ အချိန်ပေးပါ၊ ပြီးလျှင်…
* ...ယုံကြည်ခြင်းနဲ့ ထ၍ခြေလှမ်းလှမ်းပါ!
မိတ်ဆွေ ၊ သင်ဟာ ဘုရားသခင်၏ နာမတော်အားဖြင့် ကြီးမားတဲ့ အမှုအရာတွေကို လုပ်ဆောင်ဖို့ မွေးဖွားလာသူ ဖြစ်ပါတယ်။ အခုအချိန်မှာ ရပ်တန့်မပစ်လိုက်ပါနဲ့!