အားယူ၍ ရဲရင့်ခြင်းရှိပါ။
တစ်ခါတစ်ရံမှာ ဒီလောကရဲ့ လိုအပ်ချက်တွေနဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ရတဲ့အခါ ကျွန်တော်တို့ဟာ ကူညီပေးချင်ပေမယ့် ဘာမှမတတ်နိုင်သလို ခံစားရတတ်တဲ့ အချိန်တွေရှိပါတယ်။ အဲဒီအခါမှာ နောက်ဆုတ်ပြီးနေလိုက်ချင်တဲ့ သွေးဆောင်မှုက အင်မတန်ကြီးမားလှပါတယ်။ အဲ့လိုအချိန်မျိုးမှာ စိတ်ပျက်လက်ပျက်နဲ့လည်း “အို သခင်ဘုရား... လူအများကြီးထဲကမှ ကျွန်ုပ် တစ်ယောက်တည်းက ဒီအခြေအနေတွေကို ဘာပြောင်းလဲပေးနိုင်မှာမို့လို့လဲ” လို့ တွေးမိနိုင်ပါတယ်။
ဒါဟာ မောရှေရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ ယောရှုတစ်ယောက် ခါနန်ပြည်ကို သိမ်းပိုက်ဖို့ (အထူးသဖြင့် ဖြိုဖျက်ရမယ့် ယေရိခေါမြို့ကြီးကို ရင်ဆိုင်ဖို့) ကြီးမားတဲ့ တာဝန်အောက်မှာ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးပါပဲ။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ စကားတော်ဟာ သူ့ဆီရောက်လာခဲ့ပါတယ်။
“သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။” ယောရှု 1:9
မိတ်ဆွေ ၊ သင့်မှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေပေမယ့် ဘုရားသခင်ရဲ့ဘုန်းတော်အဖို့အလို့ငှါ အစေခံဖို့၊ တစ်စုံတစ်ယောက်ကိုကူညီဖို့ ဆုံးဖြတ်ထားတဲ့ သင့်အတွက် ကျွန်တော် အထူးပဲ ချီးကျူးဂုဏ်ပြုချင်ပါတယ်။ ဘုရားသခင် ယောရှုကို ပြောခဲ့တဲ့ ဒီစကားတော်ဟာ သင်နဲ့လည်း ဆက်ဆိုင်ပါတယ်။ သင့်ယုံကြည်ခြင်းကို တစ်ပါးသူအား ဝေမျှဖို့ ဒါမှမဟုတ် ဖျားနာသူတစ်စုံတစ်ယောက်အပေါ် လက်တင်ဆုတောင်းပေးဖို့ တွန့်ဆုတ်နေတယ်ဆိုရင် ကျွန်တော်အားပေးပါရစေ “အားယူပြီး ရဲရင့်ပါ၊ မကြောက်ပါနဲ့ စိတ်မပျက်ပါနဲ့၊ သင်နဲ့အတူ ဘုရားသခင်ရှိနေပါတယ်။”
တစ်ခါတစ်ရံ သင့်စိတ်ထဲမှာ
* ငါက ဘာမှအသုံးမကျပါဘူး။
* ငါက ကျမ်းစာကို ကောင်းကောင်းမသိသေးဘူး။
* ဒါက သင်းအုပ်ဆရာတွေနဲ့ အမှုတော်ဆောင်တွေရဲ့ အလုပ်ပဲ။
* ငါ့မှာ ဘာထူးခြားတဲ့ ဆုကျေးဇူးမှ မရှိပါဘူး။
* ငါကိုယ်တိုင်လည်း ဖျားနာနေတာပဲ…
စသဖြင့် အကြောက်တရားတွေ ကြီးစိုးပြီး ဒီလိုအတွေးတွေဝင်လာတိုင်းမှာ သင့်ကို အားပေးနေတဲ့ ဘုရားသခင်၏ စကားသံကို နားထောင်လိုက်ပါ-
“…ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”
ဒီနှုတ်ကပတ်တော်ထဲကအတိုင်းပဲ ကျွန်တော်တို့ အစွမ်းသတ္တိနဲ့ ခြေလှမ်းလှမ်းမှာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ ဝိညာဉ်တော်အားဖြင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အထဲမှာ အားယူပါ၊ ရဲရင့်ပါ။ ကြီးသောအမှုကို ဘုရားသခင် ပြုပါလိမ့်မယ်။
ကျွန်တော်နဲ့အတူ ဒီဆုတောင်းချက်ကို အတူတူ ဆုတောင်းဖို့ ဖိတ်ခေါ်ပါတယ်... “ဘုရားသခင်... ကျွန်ုပ် တစ်ခါတစ်ရံမှာ ကြောက်ရွံ့နေမိသေးကြောင်း ဝန်ခံပါတယ်။ ကိုယ်တော်သည် ကျွန်ုပ်ကို သန့်ရှင်းသောဝိညာဉ်တော်ကို ပေးသနားထားပြီး၊ လုပ်ဆောင်သမျှအရာတိုင်း ကျွန်ုပ်ရဲ့ အနားမှာ ရှိနေတယ်ဆိုတာကို အမြဲအမှတ်ရစေပါ။ ကျွန်ုပ်ကို ပိတ်ဆို့နှောင်ဖွဲ့ထားတဲ့ အရာအားလုံးကို ယခုပဲ ဖယ်ရှားပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏ အာမင်။”
ဒီနေ့ရက်ဟာ သင့်အတွက် ကောင်းကြီးမင်္ဂလာနဲ့ ပြည့်စုံသော နေ့ရက်ဖြစ်ပါစေ!