ချစ်ခြင်းမေတ္တာ နဲ့ ချီးမွမ်းပါ … 🤍
“ဘုရားသခင်ကို ချီးမွမ်းခြင်း” ဆိုတဲ့ ခရီးစဉ် ကို ကျွန်မတို့ဆက်ပြီးသွားလိုက်ကြရအောင် !
အရှေ့ရက်တွေက ပြောခဲ့သလိုပဲ ချီးမွမ်းခြင်းက ခရစ်ယာန်အသက်တာရဲ့ အခြေခံဖြစ်တယ်လို့ သိပြီးနောက်မှာ သင်စတင်ချီးမွမ်းနေပြီ ဆိုရင် ဘယ်လို နှလုံးသားမျိုးနဲ့ ဘုရားကို ချီးမွမ်းနေသလဲ ဆိုတာ ဒီနေ့မှာဆက်ပြီး ဆင်ခြင်ရမှာ ဖြစ်ပါတယ် ။
သင့်ရဲ့ ချီးမွမ်းခြင်းဟာ တာဝန်အရတော့ မဖြစ်သင့်ပါဘူး!
ဘုရားရဲ့ အဖြစ်တော်နဲ့ သန့်ရှင်းခြင်းကိုချီးမွမ်းမယ်ဆိုရင် ဘုရားကို ချစ်တတ်ဖို့တော့ ရှေးဦးစွာလိုအပ်ပါတယ် ။ ချီးမွမ်းခြင်းဆိုတာ ဘုရားကို ချစ်တဲ့ ချစ်ခြင်းမေတ္တာဆီက စီးဆင်းလာတာပဲ ဖြစ်ပါတယ် ။ ယေရှုခရစ်တော်ရဲ့ အကြီးမြတ်ဆုံးသော ပညတ်တော်ဟာ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ် ။
“ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊-” ရှင်မဿဲ 22:37 JBMLE
ကျွန်မတို့ဟာ ဘုရားသခင်ကို နှလုံးသားအပြည့် ချစ်ခြင်းမေတ္တာနဲ့ ချီးမွမ်းတတ်ဖို့လိုပါတယ် ။ ဘုရားသခင်ကို ဘယ်လောက်ချစ်ကြောင်း ၊ ဘုရားသခင်ရဲ့ နှလုံးသားနဲ့ ထပ်တူကျချင်ကြောင်း ၊ သူနဲ့ အနီးဆုံးမှာ ရှိချင်ကြောင်းကို အမြဲဆင်ခြင်ရင်း ချီးမွမ်းတတ်ရမှာ ဖြစ်ပါတယ် ။
ဒါကြောင့် ချီးမွမ်းခြင်းဟာ သီချင်းတစ်ပုဒ်ကို ဆိုတာနဲ့ မတူပါဘူး ။သင့်ရဲ့ နှလုံးသားက ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနဲ့ သီဆိုရမှာ ၊ ချီးမွမ်းရမှာ ဖြစ်ပါတယ် ။
ချစ်ခြင်းမေတ္တာဟာ အရာခပ်သိမ်းတို့ရဲ့ အစအဦးဖြစ်ပါတယ် ။ ဘုရားသခင်ကိုယ်တိုင်က ကျွန်မတို့ကို ချစ်လို့ အပြစ်က နေ ရွေးနှုတ်ကယ်တင်ပေးခဲ့တာ မဟုတ်လား ! အဲ့ဒီလိုပဲ … မိသားစုထဲမှာလည်း အချင်းချင်းချစ်ခြင်းမေတ္တာ နဲ့ တလုံးတဝတည်း ချီးမွမ်းတတ်ခြင်းထဲမှာ ဘုရားသခင်ရှိနေတာ ဖြစ်ပါတယ် ။
“သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။-” ၁ ကောရိန္သု 13:3 JBMLE
ဒီနှုတ်ကပါတ်တော်ဟာ ကျွန်မတို့ကို စိန်ခေါ်မှုပြုနေပါတယ် ။ ကျွန်မတို့ ဘယ်လို နှလုံးသားမျိုးနဲ့ ဘုရားသခင်ကို ချီးမွမ်းနေပါသလဲ ? ဘယ်လို နှလုံးသားမျိုးနဲ့ ဘုရားသခင်ရှေ့မှာ မတ်တပ်ရပ်နေပါသလဲ ?
ဒါကြောင့် မိတ်ဆွေ ရေ … ဘုရားသခင်ကို ချီးမွမ်းတဲ့အခါ တာဝန်တခုအရ မဟုတ်ပဲ ချစ်ခြင်းမေတ္တာနဲ့ ကိုးကွယ်ဖို့ပြင်ဆင်ကြရအောင် !
ချစ်ခြင်းမေတ္တာက ချီးမွမ်းနိုင်ဖို့ အစအဦးဖြစ်ပါတယ် 🤍