ချီးမွမ်းခြင်းက သင့်အတွက် ခွန်အားဖြစ်စေပါတယ်!
ဒီနေ့ သင်ဘယ်လို ခံစားနေလဲ မိတ်ဆွေ ?
တစုံတခုကို စိတ်အလိုမကျ ဖြစ်နေသလား ? ဒါမှမဟုတ် ဝမ်းမြောက်နေပါသလား ? အခြေအနေ အဆိုးအကောင်းတွေကြားမှာ ရှုပ်ထွေးနေပါသလား ?
အဲ့အရာတွေကို သက်သာရာရစေဖို့ တခါတလေ လောကနဲ့ ဆိုင်တဲ့ တေးဂီတ တွေ ၊ ခံစားချက်နဲ့ ကိုက်ညီတဲ့ သီချင်းတွေကို ဖွင့်ထားရင်း နားထောင်လေ့ရှိကြပါတယ်။
လောကမှာရှိတဲ့ ခံစားချက်နဲ့ ဆိုင်တဲ့ သီချင်းနဲ့ ဘုရားကို ချီးမွမ်းကိုးကွယ်တဲ့ သီချင်းတွေကြားထဲမှာ နက်နဲမှု တစ်ခုရှိနေတယ်ဆိုတာကို ပြောပြချင်ပါတယ်။ အချို့သော တေးဂီတတွေက ခဏတစ်ဖြုတ် သက်သာခြင်း ၊ ပျော်ရွှင်ခြင်းကို ပေးပေမယ့် အတွင်းဝိညာဉ်ထဲထိ အားဖြည့်ခြင်းကို မလုပ်ပေးနိုင်ပါဘူး။ သို့သော် ချီးမွမ်းခြင်းက သင့်ရဲ့ အတွင်းဝိညာဉ်ကို ခွန်အား ဖြစ်စေပါတယ်။
ချီးမွမ်းလိုက်တဲ့အခါ ဝမ်းနည်းတဲ့ အခြေအနေကနေဝမ်းမြောက်ခြင်းရလာလိမ့်မယ် ၊ ဝမ်းမြောက်နေတယ်ဆိုရင်လည်း ပိုပြီး ချီးမွမ်းနိုင်တဲ့ ခွန်အားကို ရရှိမှာဖြစ်ပါတယ်။ ဒါက ကျွန်မရဲ့ လက်တွေ့ပါ …
ခံစားချက်မကောင်းရင်လည်း ၊ အလုပ်များနေရင်လည်း ၊ ပင်ပန်းနေရင်လည်း ချီးမွမ်းခြင်း သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်လိုက်တာပါပဲ
ဒီအရာကပဲ ကျွန်မရဲ့ အတွင်းဝိညာဉ်ကို သက်သာစေတယ် ၊ လန်းဆန်းစေတယ် ၊ ပေါ့ပါးလာစေပါတယ်။
ကျွန်မအနေနဲ့ နေ့တစ်နေ့ကို နိုးထလာပြီး အလုပ်စတင်လုပ်ဖို့ ပြင်ဆင်တဲ့အခါ ချီးမွမ်းခြင်းနဲ့ စတင်တယ် ၊ ကားမောင်းတဲ့အခါ ချီးမွမ်းတယ် ၊ အိမ်မှုကိစ္စလုပ်တဲ့အခါလည်း ချီးမွမ်းတယ် အခြေအနေတိုင်းမှာ ကျွန်မရဲ့ လက်နက်ကတော့ ချီးမွမ်းခြင်းပဲ !
ချီးမွမ်းလိုက်တဲ့အခါ လေထုကပြောင်းလဲလာပြီး ဝိညာဉ်ထဲမှာ စိတ်ချခြင်း ၊ ငြိမ်သက်ခြင်းတွေ ရှိလာတယ်။ တနေ့တာရှေ့ဆက်ဖို့ ခွန်အားဖြစ်စေပါတယ်။
ခရစ်ယာန်အသက်တာမှာ ချီးမွမ်းခြင်းက အခြေခံဖြစ်သင့်ပါတယ် ။ ကယ်တင်ခြင်းကိုတောင် အခမဲ့ ရခဲ့ပြီးမှတော့ ဘာမှ ထပ်တောင်းဆိုစရာမလိုလောက်အောင် ဘုရားသခင်က ကျွန်မတို့အတွက် ပြင်ဆင်ထားနှင့်ပြီးပြီဆိုတာ ယုံကြည်စိတ်ချဖို့ လိုပါတယ်။ ချီးမွမ်းလိုက်ခြင်းဟာ -
ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းကိုကျေးဇူးတင်ခြင်း
ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းကို ချီးမြှောက်ခြင်း
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်တုံ့ပြန်ခြင်း ပဲ ဖြစ်ပါတယ် ။
ဘုရားသခင်ကို နေ့တိုင်း အချိန်တိုင်းမှာ ချီးမွမ်းလိုက်ပါ မိတ်ဆွေ ရေ …
ဘုရားသခင်က ချီးမွမ်းဖို့ရန် ထိုက်တန်သောဘုရားဖြစ်ပါတယ် ။
သင်ဟာ ခရစ်တော်အထဲ၌ ခွန်အားကြီးသောသူ ဖြစ်ပါတယ် 🤍