အံ့အားသင့်စေဖို့ အခွင့်ပေးလိုက်ပါ !
ဒီတစ်ပါတ်တာမှာတော့ “ဘုရားသခင်ကိုချီးမွမ်းခြင်း” နဲ့ပက်သက်ပြီး ခရီးစဉ်တစ်ခုကို စတင်ချင်ပါတယ် …
ချီးမွမ်းခြင်းဟာ ဘယ်ကနေ စတင်သလဲလို့စဉ်းစားကြည့်မယ်ဆိုရင် အံ့အားသင့်ရာကနေ စတင်တယ်လို့ကျွန်မ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဘုရားသခင်ဟာ အမြဲတမ်းမှာ အံ့အားသင့်နေစရာကောင်းလောက်အောင် ထူးခြားပြီး တန်ခိုးကြီးတဲ့ ထာဝရအရှင်ဘုရားသခင် ဖြစ်နေလို့ပါပဲ !
သင်ရော ဘုရားသခင်ရဲ့ ကြီးမြတ်ခြင်း ၊ သန့်ရှင်းခြင်း ၊ တန်ခိုးတော် နဲ့ ချစ်ခြင်းမေတ္တာကို တွေ့ရှိ ခံစားရပြီး အံ့အားသင့်သွားခဲ့တဲ့ အချိန်တွေများ ရှိခဲ့ဖူးလား ?
ဟုတ်ပါတယ် ! အဲ့ဒီလို ကြီးမြတ်လှတဲ့ ဘုရားသခင်အကြောင်းကို အလေးအနက် ဆင်ခြင် စဉ်းစားတဲ့အခါ ဘုရားသခင်ကို သာ၍ ချစ်လာသလို ၊ ကျေးဇူးလည်းတင်လာပါလိမ့်မယ် ။ ဒါဟာ ချီးမွမ်းခြင်းရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ အံ့အားသင့်စရာတွေ ရှိလာတဲ့အခါမှာ အတွင်းနှလုံးသားထဲမှာ ကျေးဇူးတင်ပြီး အပြင်ဘက်မှာလည်း ချီးမွမ်းခြင်းအနေနဲ့ ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့် ဘုရားသခင်ကို အမျိုးမျိုးသော နည်းလမ်းတွေ နဲ့ ချီးမွမ်းဖို့ ပြင်ဆင်ကြတာပေါ့ !
ကျွန်မအနေနဲ့ Worship သီချင်းတွေနဲ့ ကိုးကွယ်တဲ့အချိန်က တန်ဖိုးအရှိဆုံးအချိန်ဖြစ်ပါတယ် ။ သီချင်းဆိုပြီး ချီးမွမ်းတယ် ၊ တူရိယာ တီးပြီး ချီးမွမ်းတယ် ၊ အကအားဖြင့်လည်း ချီးမွမ်းတယ်။ နှလုံးသားက ဘုရားသခင်အကြောင်းစဉ်းစားလေလေ မချီးမွမ်းပဲ မနေနိုင်ပါဘူး။
တခါတလေတော့ ကျွန်မတို့ရဲ့ ချီးမွမ်းခြင်းကို တချို့အရာတွေက နှောင့်ယှက်တတ်ပါတယ် …
သူတပါးရဲ့အမြင်ကို စိုးရိမ်လာတဲ့အခါ
ဘုရားသခင်ကို ချီးမွမ်းရမယ့်နည်းလမ်းတွေကို ရွေးချယ်လွန်းနေတဲ့အခါ
ကိုယ့်ရဲ့ ကိုယ်ခန္ဓာ နဲ့ အသံကို ရှက်စရာ တခုလို့မြင်နေတဲ့ အခါ ဘုရားကို လွတ်လပ်စွာ ချီးမွမ်းလို့ မရတော့ပါဘူး။
တခြားသောအကြောင်းအရင်းတွေလည်း သင့်ဆီမှာ ရှိကောင်းရှိနေပါလိမ့်မယ် ။ ဘုရားကို ချီးမွမ်းဖို့အတွက် အနှောင့်အယှက် အတားအဆီး တစုံတရာရှိနေပြီဆိုရင် ဒီနေ့မှာ အဲ့ဒီအတားအဆီးတွေကို ကျော်လွန်ဖို့လိုအပ်ပါတယ်။
“ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။” ဆာလံ 149:1 JBMLE
သင်ဘုရားသခင်ကို ချီးမွမ်းလိုက်တဲ့အခါ ဘုရားနဲ့သင်နဲ့ကြားက ရင်းနှီးမှု ၊ ချစ်ကျွမ်းဝင်မှု က သာ၍ အားကြီးလာမှာဖြစ်ပြီး ဘုရားသခင်ကိုလည်း ကျေနပ်စေပါတယ်။
ဒါဝိဒ်မင်းကြီးဟာ ဘုရားရှေ့မှာ ချီးမွမ်းကိုးကွယ်တဲ့အခါ သူ့ရဲ့ ခန္ဓာ ၊ စိတ် ၊ ဝိညာဉ် နဲ့ အစွမ်းသတ္တိရှိသမျှ ချီးမွမ်းခဲ့ပါတယ် ။ အခြားသူတွေရဲ့ အမြင်နဲ့ ဖြစ်တည်မှုတွေကို ဂရုမစိုက်ပဲနဲ့ လွတ်လပ်စွာ ချီးမွမ်းခဲ့ပါတယ်။
ဒီအရာက ကျွန်မတို့အတွက် အံ့အားသင့်စရာပါ … သင့်ရဲ့ ချီးမွမ်းခြင်းတွေကရော အံ့အားသင့်စရာကောင်းနေရဲ့လား ?
ဘုရားသခင်ဟာ ချီးမွမ်းခြင်း ဂုဏ်ပြုခြင်းကို ခံထိုက်တဲ့ ဘုရားသခင်ဖြစ်ပါတယ် …
ဒီနေ့မှာ ဘုရားသခင်ကို အသစ်သောသီချင်း သီဆိုရင်း လက်မြောက်ပြီး အားရပါးရ ချီးမွမ်းလိုက်ပါ ၊ ကခုန်ပြီး ချီးမွမ်းလိုက်ပါ ၊ တီးခတ်ရင်း ချီးမွမ်းလိုက်ပါ မိတ်ဆွေ ရေ …
သင်ဟာ ဘုရားသခင်ကို အံ့အားသင့်စေသောသူ ဖြစ်ပါတယ် 🤍